တိုင်းရင်းသား လက်နက်ကိုင်များကို ဖိအားပေး ထိုးစစ်မဆင်ရန် ၈၈ ငြိမ်း/ပွင့် သဘောထားပေး

တိုင်းရင်းသား လက်နက်ကိုင်များကို ဖိအားပေး ထိုးစစ်မဆင်ရန် ၈၈ ငြိမ်း/ပွင့် သဘောထားပေး

အောက်တိုဘာ ၁၅ ရက်က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့် အစိုးရတို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ထိုးမှုသည် အရေးပါသည့် ခြေလှမ်းတစ်ရပ် ဆိုကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ဖိအားမပေးရန် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) က သဘောထား ထုတ်ပြန်သည်။

အောက်တိုဘာ ၁၇ ရက် သဘောထား ထုတ်ပြန်ချက်တွင် “လက်မှတ် မရေးထိုးနိုင်သေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား စစ်ရေးအရ ဖိအားပေးခြင်း၊ နိုင်ငံရေးအရ ဖိအားပေးခြင်း မလုပ်ဘဲ အားလုံး ပါဝင် လက်မှတ်ထိုးနိုင်ရေး ကြိုးပမ်းသွားရန် လိုအပ်သည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အပစ်ရပ် လက်မှတ်ထိုးရန် အစိုးရက ကမ်းလှမ်းထားသော လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ရှိနေရာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကဲ့သို့သော လက်နက်ကိုင် အဖွဲ့များ ရှိနေသေးရာ “လက်မှတ်ထိုးရာတွင် ပါဝင်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ ယခု စာချုပ် အပြီးသတ်နိုင်သည်အထိ ဝိုင်းဝန်း ကြိုးပမ်းခဲ့ကြသော NCCT အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ အားလုံးကို လေးစားစွာ အသိအမှတ်ပြုသည်” ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စာချုပ်ပါ သဘောတူညီချက်များကို တိတိကျကျ လိုက်နာရန် လိုအပ်သကဲ့သို့ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးတို့အတွက် နိုင်ငံရေး မူဘောင် ရေးဆွဲခြင်းနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်းတို့တွင် တိုင်းရင်းသား အင်အားစုများအားလုံး ပါဝင်နိုင်ရေးအတွက် လမ်းဖွင့်ပေးထားရန်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အောက်တိုဘာ ၁၅ ရက် နေပြည်တော်ရှိ MICC 2 ခန်းမတွင် ပြုလုပ်သော တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား၌ ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ) မှ ဦးကိုကိုကြီးနှင့် ဦးမြအေးတို့ ပါဝင်လက်မှတ် ရေးထိုးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly