ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအေနကြောင့် တောင်ကြီးတန်ဆောင်တိုင်ကို ၉ရက်သာ ကျင်းပမည်

ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအေနကြောင့် တောင်ကြီးတန်ဆောင်တိုင်ကို ၉ရက်သာ ကျင်းပမည်
ဓာတ်ပုံ-Ye Aung Thu / AFP

ရန်ကုန် ၊ အောက်တိုဘာ ၂၂ ။        ။ လာမည့် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ရှမ်းပြည်နယ် မြောက်ပိုင်းအခြေအနေကြောင့် ၉ ရက်သာကျင်းပပြုလုပ်သွားဖြစ်ပြီး လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်အင်အားကို အသုံးပြုဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ရှမ်းပြည်နယ် အစိုးရထံမှ သိရသည်။

 “ ပြင်ဆင်မှုအပိုင်းကတော့ ကော်မတီစဖွဲ့တဲ့အချိန် မြောက်ပိုင်းအခြေအနေလှုပ်လှုပ်ရှားရှား ဖြစ်လာ တဲ့အတွက်လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရတာပေါ့။လုံြခုံရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ တပ်မတော်အင်အားတွေထုတ်ပြီး ဒီပွဲအတွက် ဆောင်ရွက်ရမှာပါ။လိုအပ်တဲ့ စီမံခန့်ခွဲမှုတွေကိုလုပ်ငန်း ကော်မတီအလိုက် စီမံဆောင်ရွက်ထားပါတယ်”ဟု တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဖြစ်မြောက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကပြောသည်။

၂၀၁၉ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပြိုင်ပွဲကို လာမည့်နိုဝင်ဘာ ၄ ရက်မှ နိုဝင်ဘာ၁၂ ရက်အထိ ၉ ရက်တိုင်တိုင် အဝေရာမီးပုံးပျံကွင်းအတွင်းကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 “ တန်ဆောင်တိုင်ပွဲတော်ဆိုတာ ရှမ်းပြည်နယ်ရဲ့ အထင်ကရပွဲတော်တစ်ခု ဖြစ်တယ်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ပြည်သူ့ပြည်သားတွေသာမက နိုင်ငံတကာကနိုင်ငံခြားသားတွေပါ လာပြီးတော့ဆင် နွဲတဲ့ ပွဲတော်တစ်ခုဖြစ်တယ်။ဒီပွဲတော်ကြီးကို ကျွန်တော်တို့ ပြည်နယ်အစိုးရက အလေးအနက်ထားပြီး စီမံဆောင်ရွက်ထားတယ်။ ကော်မတီဖွဲ့ပြီး အစည်းအဝေးလုပ်တယ်။ မနှစ်ကအားနည်းချက်တွေ အပေါ်ဘယ်လိုအားသာချက်လုပ်မလဲ။ အဲ့တာတွေကို စနစ်တကျဆွေးနွေးပြီးတော့ လက်ရှိလုပ်ငန်း ကော်မတီအစည်းအဝေးတော့ နှစ်ကြိမ် လုပ်ပြီးပြီ။ ဆုံးဖြတ်ပေးတဲ့ လုပ်ငန်းစဉ်တွေအပေါ် လုပ်ငန်း ကော်မတီအလိုက် အကောင်အထည်ဖော်နေတယ်။ အဓိက ပွဲတော်လာတဲ့ သူတွေ ဘေးကင်းလုံခြုံဖို့ ၊ သပ်ရပ်ဖို့၊ စနစ်တကျဖြစ်ဖို့ ကျနော်တို့ စနစ်တကျ စီမံပေးနေတယ်။ တောင်ကြီးအနေအထားက အေးအေးချမ်းချမ်းရှိပါတယ်။ ပြည်နယ်အစိုးရက  စနစ်တကျဖြစ်အောင် ပြင်ဆင်ပေးထားတယ်။ ကျွန်တော်တို့ ပြည်သူ့ပြည်သားတွေ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို လာဖို့  အစိုးရကိုယ်စား ဖိတ်ခေါ်ပါတယ်” ဟု ၎င်းက ပြောသည်။  

 ၂၀၁၉ ခုနှစ်၊ တောင်ကြီး တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်မီးပုံးပျံစာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိစာရင်းကောက်ယူခဲ့ရာ ညမင်းကြီးမီးပုံးပျံ ၄၈ လုံး ၊ စိန်နားပန်မီးပုံးပျံ ၁၈ လုံး၊ အရုပ်ခြေနှစ်ချောင်း ၅၉ လုံး၊ အရုပ်ခြေလေးချောင်း ၃၈ လုံး ၊ အရုပ်အုပ်စု ၁၃ အုပ်စုတို့ကို ကောက်ယူရရှိထားကြောင်း ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံ ပညာရှင်များအသင်း ထံမှ သိရသည်။

 “ ဒီနှစ်တော့ ပွဲတော်ရက်ကို တစ်ရက် လျော့ထားတယ်။ခါတိုင်းနှစ်စဉ်ကျင်းပနေတာက ၉ ရက် လုပ်တယ်။ ၁၀ ရက်က ဆုပေးပွဲကိုကျင်းပနေကြပါ။ ဒါပေမယ့် ဒီနှစ်မှာတော့ အစိုးရက ရှမ်းမြောက်မှ ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးသူတို့က ပွဲတော်လုံခြုံရေးကိုအကြောင်းြပုပြီးတစ်ရက် လျော့ထားတာ ရှိထားတယ်။ ကြေညာထားတာက ၈ ရက်လုပ်မယ်။၉ ရက် ဆုပေးပွဲလုပ်မယ်။ ပွဲတော်ရက်ကို သူတို့က မြောက်ပိုင်းအခြေအနေကို အကြောင်းပြပြီး တစ်ရက်လျော့ထားတာပေါ့” ဟု ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းမှ စိုင်းအောင်မျိုးက ပြောသည်။  

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကာလအတွင်း နှစ်စဉ်ကျင်းပမြဲဖြစ်သော မီးပုံးပျံပြိုင်ပွဲ၊ မီးပဒေသာ လှည့်လည်ပူဇော်ပြိုင်ပွဲ ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ၊ အလွတ်တန်းဓါတ်ပုံပြိုင်ပွဲ ၊ စာပေဆိုင်ရာ ပြိုင်ပွဲများဖြင့် ၉ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကျင်းပရေးဦးစီး ကော်မတီထံမှ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly