မန္တလေးရှိ မူးယစ်ဆေးဝါး ကျော်ဇောသတင်း နေရာအနီး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မန္တလေးရှိ မူးယစ်ဆေးဝါး ကျော်ဇောသတင်း နေရာအနီး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲမှုများ ပြုလုပ်သည်ဟု ကျော်ဇော်သတင်း ထွက်ပေါ်နေသည့် နေရာအနီး မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ၁၉လမ်း ၈၆လမ်းနှင့် ၈၇လမ်း လမ်းကြားရှိ ရွှေပြည်သာဓမ္မာရုံတွင် အောက်တိုဘာ ၂၁ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့သည်။

“ဒီနေ့လုပ်ခဲ့တဲ့ ပွဲကတော့ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းမှာရှိတဲ့ ၁၉လမ်းနဲ့ ၂၂လမ်း ကြားထဲမှာ အခုရက်ပိုင်းအတွင်းထဲမှာ အဓိက မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က နှိမ်နင်းရေးတွေ ဆောင်ရွက်နေပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး မှုခင်းတွေ များပြားစွာဖြစ်နေပါတယ်။ အဲဒါအတွက်ကြောင့် ရပ်ကွက်နေ ပြည်သူတွေကို မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ပါတယ်” ဟု အောင်မြေသာစံမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးဟန်ထွန်းလင်းက ပြောသည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲကို အောင်မြေသာစံမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့နှင့် “IBJ Myanmar” မန္တလေး တရားမျှတမှုစင်တာတို့ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်သည်။

အဆိုပါ ဟောပြောပွဲပြုလုပ်ရာအနီးရှိ အောင်မြေသာဇံမြို့နယ်၊ ၁၉လမ်း၊ ၂၂လမ်းကြား မြို့ရှောင်လမ်းတစ်လျှောက်နှင့် တန်ဖိုးနည်း အငှားအိမ်ရာ တိုက်ခန်းအချို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲမှုများ ရှိနေပြီး တိုင်းရဲတပ်ဖွဲ့မှလည်း မကြာခန ဝင်ရောက်ဖမ်းဆီးနေသည်ဟု ရပ်ကွက်နေ ပြည်သူအချို့က ပြောဆိုသည်။

ရပ်ကွက်သူ၊ ရပ်ကွက်သားတစ်ချို့ပင် မှားယွင်းဖမ်းဆီးခံရမှုများ ရှိသည်ဟု ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ရပ်မိ၊ ရပ်ဖတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ဒီမြို့နယ်ကတော့လေ မူးယစ်သားကောင်တွေက နည်းနည်း များနေတယ်ဗျ။ ဒါမျိုးလေးတွေ အသိပညာပေးနေတော့လေ ဒါလေးကတော့ ကောင်းပါတယ်။ အမြဲတမ်းလည်း လုပ်ပေးစေချင်တယ်” ဟု ရပ်မိ၊ ရပ်ဖတစ်ဦးဖြစ်သူ ဦးကျော်ကျော်ဝင်းက ဆိုသည်။

အဆိုပါ ဟောပြောပွဲကို အောင်မြေသာစံမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့နှင့် “IBJ Myanmar” မန္တလေး တရားမျှတမှုစင်တာတို့ ပထမဆုံး ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ထပ်မံ၍လည်း အလားတူ ဟောပြောပွဲများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု တာဝန်ရှိသူများက ပြောသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly