Dawn of Valor ပြိုင်ပွဲတွင် အန်တိုနီယာ နိုင်ပွဲရနိုင်သည့် အချက် ၄ ချက်

Dawn of Valor ပြိုင်ပွဲတွင် အန်တိုနီယာ နိုင်ပွဲရနိုင်သည့် အချက် ၄ ချက်
ONE Championship ၏ ၁ဝ၁ ပွဲမြောက် ပြိုင်ပွဲဖြစ်သော ONE: Dawn of Valor ပြိုင်ပွဲကြီးကို လာမည့် အောက်တိုဘာ ၂၅ တွင် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ မြို့၌ ကျင်းပတော့မည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ONE Championship ၏ တစ်ဦးတည်းသော မြန်မာ အမျိုးသမီး ကစားသမား ဘိုဇီနာ “တုိတို” အန္တိုနီယာက အိမ်ရှင် အင်ဒိုနီးရှား ကစားသမား Priscilla Hertati Lumban Gaol နှင့် ရင်ဆိုင်ရမည် ဖြစ်ရာ ယင်းပွဲတွင် အန်တိုနီယာ အနိုင်ရနိုင်ဖွယ် ရှိသည့် အချက်များကို သုံးသပ်တင်ပြ လိုက်ရပါသည်။

(၁) ငယ်ရွယ်မှုနှင့် သက်လုံ ကွာခြားခြင်း                         

အန်တိုနီယာနှင့်Lumban Gaol တို့ အကြား အကြီးမားဆုံး ကွာခြားချက်ကို ပြပါဆိုလျှင် ၎င်းတို့နှစ်ဦး၏ အသက်အရွယ် ကွာခြားမှုကို ပြသရမည် ဖြစ်သည်။ အသက် ၂၄ နှစ်သာ ရှိသေးသဖြင့် နုပျိုတက်ကြွပြီး လက်စွမ်း တရိပ်ရိပ် တက်နေသည့် အန်တိုနီယာသည် အသက် ၃၁ နှစ် ရှိသည့် Lumban Gaol ကို ရင်ဆိုင်ရမည် ဖြစ်သည်။ Lumban Gaol သည် အသက် ၁၇ နှစ် ကတည်းက ဝူရှူး အားကစားကို စတင်လိုက်စား ခဲ့သူ ဖြစ်သော်လည်း ၂ဝ၁၇ တွင်မှ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို စတင်ကစားဖူးသူ ဖြစ်သည်။ အန်တိုနီယာက ၂ဝ၁၈ တွင် ONE Championship သို့ စတင်ရောက်ရှိ ခဲ့ခြင်းဖြစ်ရာ ၎င်းတို့ နှစ်ဦးကြား အသက် ၇ နှစ် ကွာသော်လည်း အတွေ့အကြုံ ကွာခြားမှုမှာ တစ်နှစ်ခန့်သာ ရှိသည်။

အခြား တစ်ဘက်တွင် အသက်အရွယ် ကွာခြားမှု အပေါ် လိုက်၍ အနိမ့်အမြင့် ကွာခြားနိုင်မှုမှာ သက်လုံပိုင်း ဖြစ်သည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသည် ခွန်အားနှင့် လျင်မြန်မှုကို ပြင်းထန်စွာ အသုံးချရသဖြင့် သက်လုံပိုင်း အထူး အရေးကြီးသော အားကစား ဖြစ်သည်။ အန်တိုနီယာသည် Bi Nguyen နှင့် နောက်ဆုံး ကစားခဲ့သော ပွဲတွင် ပွဲသိမ်း ခေါင်းလောင်း တီးသည်အထိ လုံးဝ မောပန်းဟန် မပြဘဲ ၁၅ မိနစ် လုံးလုံး ပြေးလွှားတိုက်ခိုက် နေခဲ့သည်ကို တွေ့ရသည်။ ယင်းသို့ သက်လုံမျိုးဖြင့် ယခုပွဲကို ကစားနိုင်ပါက အန်တိုနီယာသည် ၎င်းထက် အသက် ပိုကြီးသော Lumban Gaol ကို နောက်ပိုင်း အချီများတွင် အသာစီး ရနိုင်ကာ အလဲထိုး ရလဒ် မရလျှင်ပင် အမှတ်ရယူ နိုင်ခွင့် ပိုမိုရရှိမည် ဖြစ်သည်။

(၂) အဆုံးအဖြတ် ဖြစ်နိုင်သည့် အလဲထိုးနိုင်မှု

အန်တိုနီယာသည် ၎င်း၏ ကစားသမား ဘဝ တစ်လျှောက် ပွဲပေါင်း ၄ ပွဲသာ ကစားခဲ့ရသေးပြီး ၃ ပွဲနိုင်၊ ၁ ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားသည်။ Lumban Gaol မှာမူ ၁ဝ ပွဲအထိ ကစားထားပြီး ၆ ပွဲနိုင်၊ ၄ ပွဲရှုံးထားသူ ဖြစ်သည်။ ထို့ကြောင့် ရာခိုင်နှုန်းဖြင့် တွက်လျှင် အန်တိုနီယာက ၇၅ ရာခိုင်နှုန်း အနိုင်ရထားပြီး Lumban Gaol က ၆ဝ ရာခိုင်နှုန်းသာ အနိုင်ရခဲ့သည်။ နိုင်သည့် ပွဲများကို ကြည့်လျှင်လည်း အန်တိုနီယာက ၃ ပွဲအနက် ၂ ပွဲကို အလဲထိုး ရလဒ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်ကာ Lumban Gaol က ၆ ပွဲအနက် ၁ ပွဲကိုသာ အလဲထိုး နိုင်ခဲ့သည်။ ထို့ကြောင့် လက်ဝှေ့စကားနှင့် ပြောလျှင် အန်တိုနီယာက ပြီးခြေပြီးလက်ဟု ခေါ်သည့် ပွဲသိမ်းနိုင်သော အရည်အချင်း သာလွန်သူဟု ဆိုနိုင်သည်။ ပထမဆုံးပွဲ ဆိုလျှင် ၂၄ စက္ကန့်ဖြင့် အလဲထိုးခဲ့ခြင်း ဖြစ်သည်။

အခြားတစ်ဘက်တွင် Lumban Gaol က မြေပြင်ချုပ်ကွက်ဖြင့် ၂ ပွဲ အနိုင်ရထားပြီး အန်တိုနီယာက တစ်ပွဲမှ အနိုင်မရ ခဲ့သည်ကိုလည်း တွေ့ရသည်။ သို့သော် အန်တိုနီယာသည် ၎င်းကို ချုပ်ကွက်ဖြင့် အနိုင်ယူရန် ကြိုးစားခဲ့သည့် Audreylaura Boniface ကို အကောင်းဆုံး ပြန်လည်ခုခံပြီး အလဲထိုး နိုင်ခဲ့သည့်ပွဲ ရှိခဲ့ဖူးသည်။ အနောက်တိုင်း လက်ဝှေ့ အားကစားမှ လာသည့် အန်တိုနီယာသည် မတ်တပ်ရပ် တိုက်ခိုက်မှုတွင် အားသန်သော်လည်း Bali MMA ၏ လေ့ကျင့်ပေးမှုကြောင့် မြေပြင်အချုပ် ကစားကွက် များတွင်လည်း ညံ့လွန်းသူ မဟုတ်ကြောင်း သက်သေပြ ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အန်တိုနီယာ အနေဖြင့် မြေပြင် ကစားပွဲ ယှဉ်ပြိုင်ရပါ ကလည်း နိမ့်ပါး နိုင်ခြေမရှိဘဲ ၎င်းအားသန်သည့် မတ်တပ်ရပ် တိုက်ခိုက်မှုဖြင့် တိုက်စစ် ကစားရလျှင် အလဲထိုး အနိုင်ရနိုင်ချေ ရှိသည်။

(၃) အနိုင်ရလိုသည့် စိတ်ဓာတ် ထက်သန်ခြင်း

အန်တိုနီယာသည် ပွဲကစားသည့် အချိန်တွင် တိုက်စစ် အားသန်သည့် ပုံစံဖြင့် စိတ်အား ထက်သန်စွာ ပြိုင်ဘက်ကို ရင်ဆိုင်တတ်သူ ဖြစ်သည်။ ၎င်းကစားသည့် ပွဲများကို လေ့လာကြည့်လျှင် ပြိုင်ဘက်ကို အနိုင်ရရန် ပွဲချိန် ၃ မိနစ် ၃ ချီ လုံးလုံး မနားတမ်း တိုက်စစ် ကစားနေ တတ်သူဖြစ်ကြောင်း တွေ့နိုင်သည်။ အခြား နိုင်ငံမှ ကစားသမားများနှင့် နှိုင်းယှဉ်လျှင် နောက်ခံ ထောက်ပံ့ ပံ့ပိုးမှုများ သိသိသာသာ အားနည်းသည့် နိုင်ငံမှ ကစားသမား ဖြစ်သဖြင့် နိုင်ပွဲများ ဆက်တိုက် ရရှိနေမှသာ ပွဲများများ ကစားခွင့်ရပြီး လေ့ကျင့်စရိတ်များ ကာမိမည် ဖြစ်သည်။ ထို့ကြောင့် အန်တိုနီယာ အနေဖြင့် ပွဲတိုင်းကို ဘုရင့်နောင် ဖောင်ဖျက်သည့်ထုံး နှလုံးမူကာ နောက်မဆုတ်တမ်း မခိုမကပ် ကစားလေ့ ရှိသူ ဖြစ်သည်။

အန်တိုနီယာ အနေဖြင့် ယခုပွဲတွင် အိမ်ရှင် နိုင်ငံသူနှင့် ရင်ဆိုင်ရခြင်း ဖြစ်သော်လည်း ၎င်းအနေဖြင့် အိမ်ရှင် ဖိအားကို စိုးရိမ်ခြင်း မရှိကြောင်း အင်တာဗျူး တစ်ခုတွင် ဖြေကြားခဲ့ဖူးသည်။ ၎င်းသည် အင်ဒိုနီးရှား နိုင်ငံ၊ ဘာလီကျွန်းမှ Bali MMA လေ့ကျင့်ရေး ရုံတွင် လေ့ကျင့်နေသူ ဖြစ်သဖြင့် အင်ဒိုနီးရှား ရေမြေက ၎င်းနှင့် မစိမ်းဘဲ အိမ်ကွင်းနီးပါး ခံစားယှဉ်ပြိုင် နိုင်မည်ဖြစ်သည်။ နိုင်လိုစိတ် မြင့်မားသည့် အန်တိုနီယာသည် ၎င်းထက် ကိုယ်အလေးချိန် ပိုများသည့် Nguyen ကိုပင် အနိုင်ယူခဲ့ပြီးနောက် ၃ ပွဲဆက် အနိုင်ရရန် စိတ်အားထက်သန်မှု ဖြစ်ပေါ်နေသည်။ အဆိုပါ စိတ်အား ထက်သန်မှုကို လမ်းကြောင်း မှန်ကန်စွာ အသုံးချနိုင်ပါက ယခုပွဲတွင် အနိုင်ရမည့်သူမှာ အန်တိုနီယာသာ ဖြစ်လာမည် ဖြစ်သည်။

(၄) စနစ်ကျနသည့် ကြိုတင်ပြင်ဆင်မှု

အန်တိုနီယာသည် ယခု ONE: Dawn of Valor ပွဲ မတိုင်မီ ရှေ့တွင် ကျင်းပခဲ့သော ပွဲများ ကတည်းက ပါဝင်ကစားရန် ONE Championship ၏ ဖိတ်ခေါ်မှုကို ရခဲ့သူ ဖြစ်သည်။ သို့သော် လေ့ကျင့်ချိန် မလုံလောက်မှုနှင့် ဒဏ်ရာ ပြဿနာ များကြောင့် ယင်းပွဲများ မပြိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။ Lumban Gaol နှင့် ပွဲကိုတော့ အန်တိုနီယာ မပျက်မကွက် ပါဝင်ကစားမည် ဖြစ်ကာ Bali MMA တွင် လနှင့်ချီ၍ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသည်။ မတ်တပ်ရပ် တိုက်ခိုက်မှုရော၊ မြေပြင် အချုပ်ပညာ အတွက်ပါ စနစ်တကျနှင့် လေ့ကျင့်နေပြီး ပြိုင်ဘက်က မည်သည့် နည်းဖြင့် တိုက်ခိုက်လာသည် ဖြစ်စေ ခံစစ်ရော တိုက်စစ်ပါ အသင့် ဖြစ်နေစေရန် ရည်ရွယ် လေ့ကျင့်နေခြင်း ဖြစ်သည်။

Bali MMA သည် Xiong Jing Nan ကဲ့သို့သော ကမ္ဘာ့ချန်ပီယံ များကိုပင် လေ့ကျင့်ပေး နေသည့် နေရာ ဖြစ်သဖြင့် ကစားသမား များကို မည်သို့ ကြိုတင်ပြင်ဆင် လေ့ကျင့်ပေးရ မည်ကို ကောင်းစွာ နားလည်သည့် အဖွဲ့ ဖြစ်သည်။ Bali MMA ၏ ပဲ့ကိုင်ရှင် များမှာလည်း ONE Championship နှင့် အခြားပြိုင်ပွဲ များကို ဝင်ရောက်ယှဉ်ပြိုင် ခဲ့ဖူးသည့် ဝါရင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား ဟောင်းကြီးများ ဖြစ်ရာ ၎င်းတို့ ဖြတ်သန်း ခဲ့သည့် အတွေ့အကြုံများနှင့် ယှဉ်ပြီး ကစားသမားများကို ဟာကွက် မရှိအောင် လေ့ကျင့်ပြင်ဆင် ပေးနေသည်။ ယင်းသို့သော နေရာမှ ထွက်ပေါ်လာသည့် အန်တိုနီယာ အတွက် ယခုပွဲကို အကောင်းဆုံး အရည်အချင်းများ ထုတ်ပြကာ အနိုင်ယူနိုင်ရန် စနစ်ကျနသည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားမည်မှာ အသေအချာ ဖြစ်သည်။

ONE: Dawn of Valor ပြိုင်ပွဲကို လာမည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ONE ဝယ်တာဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားမယ် အန်တိုနီယာသည်လည်း အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ONE: Dawn of Valor ပြိုင်ပွဲ၏ အစောပိုင်း တွဲဆိုင်းများကို ONE Championship Facebook Page၊ Twitter၊ YouTube နှင့် the ONE Super App တို့တွင် မြန်မာစံတော်ချိန် ည

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly