အသက် နှစ်နှစ်ခွဲနှင့် ငါးနှစ်အရွယ် အိန္ဒိယမိန်းကလေးနှစ်ဦး နယူးဒေလီတွင် အုပ်စုလိုက်မုဒိမ်းကျင့်ခံရ

အသက် နှစ်နှစ်ခွဲနှင့် ငါးနှစ်အရွယ် အိန္ဒိယမိန်းကလေးနှစ်ဦး နယူးဒေလီတွင် အုပ်စုလိုက်မုဒိမ်းကျင့်ခံရ

နယူးဒေလီ၊ အောက်တိုဘာ ၁၇ ။            ။ အသက်နှစ်နှစ်ခွဲနှင့် ငါးနှစ်အရွယ်ရှိ အိန္ဒိယမိန်းကလေးနှစ်ဦး နယူးဒေလီတွင် သီးခြားဖြစ်စဉ်များတွင် မုဒိမ်းကျင့်ခံခဲ့ရပြီး အနည်းဆုံးမိန်းကလေးတစ်ဦးမှာ အုပ်စုလိုက်မုဒိမ်းကျင့်ခံခဲ့ရသည်ဟု ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၇ တွင်ပြောသည်။

ပိုမိုငယ်ရွယ်သည့် မိန်းကလေးမှာ ဒေလီ၏အနောက်ပိုင်း နန်ဂလွိုင်ဧရိယာရှိ ဘာသာရေးပွဲတစ်ခုမှ အမျိုးသားနှစ်ဦးက ခေါ်ဆောင်သွားခဲ့ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရပြီးနောက် မိန်းကလေးကို သူမ၏အိမ်အနီးရှိ ပန်းခြံတစ်ခုတွင် စွန့်ပစ်ခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် ဆွေမျိုးများက ပြောသည်။

ယင်းမိန်းကလေးကို ၎င်းပျောက်ဆုံးပြီးနောက် နာရီအနည်းငယ်ကြာသည်အထိ သွေးများစွာထွက်လျက်တွေ့ရသည်ဟု ဒေလီအနောက်ပိုင်းရဲတပ်ဖွဲ့အကြီးအကဲ ပတ်ရှ်ပင်ဒရာကူမာရ်က ပြောသည်။ စစ်ဆေးချက်များအရ ယင်းမိန်းကလေးမှာ အနည်းဆုံးတစ်ကြိမ်မုဒိမ်းပြုကျင့်ခံထားရသည်ဟု သိရသည်။

"မသင်္ကာသူတွေကို ကျွန်တော်တို့ စပြီးရှာဖွေနေပါပြီ။ အခုထိတော့ ဘယ်သူကိုမှ မဖမ်းရသေးပါဘူး"ဟု ကူမာရ်က အေအက်ဖ်ပီသို့ ပြောသည်။

သီးခြားဖြစ်စဉ်တစ်ခုတွင် အောက်တိုဘာ ၁၆ရက်နေ့ညက နယူးဒေလီ၏ အရှေ့ပိုင်း အာနန်ဗီဟာဧရိယာတွင် ငါးနှစ်အရွယ်မိန်းကလေးမှာ အိမ်နီးချင်းတစ်ဦး၏ အိမ်သို့ ဖျားယောင်းခံရပြီးနောက် အမျိုးသားသုံးဦး၏ မုဒိမ်းကျင့်မှုကို ခံခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

"ကလေးမလေးရဲ့အဝတ်တွေက စုတ်တဲ့နေရာစုတ်နေပြီး သွေးကွက်တွေရှိနေပါတယ်။ ဒေသခံအချို့က သူမကိုမြင်တွေ့ခဲ့ပြီး လိင်ပိုင်းအနိုင်ကျင့်ခံခဲ့ရတယ်လို့ သူမက သူတို့ကိုပြောခဲ့ပါတယ်"ဟု အာနန်ဗီဟာရဲစခန်းမှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက အေအက်ဖ်ပီသို့ပြောသည်။

နောက်ပိုင်းတွင် စစ်ဆေးချက်အရ သူမသည် အကြိမ်များစွာအနိုင်ကျင့်ခံရသည်ဟု ၎င်းကဆိုသည်။ မိန်းကလေးနှစ်ဦးမှာ ဆေးဝါးကုသမှုခံယူနေရပြီး အသက်အန္တရာယ်မရှိဟု ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly