ပညာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးတို့အတွက် Hackathon ပြိုင်ပွဲမှ ဆုခြောက်မျိုး ပေးအပ်

ပညာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးတို့အတွက် Hackathon ပြိုင်ပွဲမှ ဆုခြောက်မျိုး ပေးအပ်
ဓာတျပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ အောက်တိုဘာ ၂၁ ။         ။ အူရီဒူးမြန်မာနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) တို့ပူးပေါင်းပြီး ပြုလုပ်ခဲ့သည့် The Hackathon 2019 နည်းပညာဆိုင်ရာ ပြိုင်ပွဲမှ ပညာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးတို့အတွက် ဆုခြောက်မျိုးကို ပေးအပ်ခဲ့သည်။

Hackathon ပြိုင်ပွဲသည် ပညာရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးတို့အတွက် အထောက်အကူပြုပြီး ဈေးကွက်ဝင်နိုင်သည့် မိုဘိုင်း အပလီကေးရှင်းများရေးဆွဲယှဉ်ပြိုင်ရသည့် ပြိုင်ပွဲလည်း ဖြစ်သည်။

“ အူရီဒူးနဲ့ UNDP ပေါင်းပြီးတော့ နိုင်တဲ့အသင်း ခြောက်သင်းပေါ့နော် နယ်မြေ (၃) ခုရှိမယ်။ နယ်မြေ (၃) ခုမှာ အခြေခံအဆင့်နဲ့ အဆင့်မြင့်အဆင့်ဆိုပြီး နှစ်ခုဆီခွဲပြီး ခြောက်ခုပေးထားပါတယ်။ ဒီအနိုင်ရတဲ့သူတွေကတော့ ပိုက်ဆံဆုရပါတယ်။ အကုန်လုံးကိုပေးမှာကတော့ တစ်နှစ်တာလုံး သူတို့ကို ပိုမိုတိုးတက်အောင်လို့ App တွေ ဘယ်လိုရေးမလဲ၊ နောက်ပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးတစ်ခုအနေနဲ့ ဘယ်လိုစမလဲဆိုတဲ့ ပရိုဂရမ်ကြီး တစ်ခုလုံးကို မိတ်ဆက်သွားပါတယ်။ နောက်နှစ်ကိုမသွားခင်မှာ ဒီနှစ်ထဲမှာအကုန်လုံးအတွက်ကို အဲ့လိုအရမ်း ကို စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အစီအစဉ်တစ်ခုရှိပါတယ်” ဟု အူရီဒူးမြန်မာမှ Head of Corporate Communications ဖြစ်သော U Tint Naing Htut ပြောသည်။

ပြိုင်ပွဲတွင် ကဏ္ဍတစ်ခုချင်းဆီအတွက် စီနီယာအဆင့်၊ ဂျူနီယာအဆင့် ခွဲခြားထားပြီး စီနီယာအဆင့်တွင် အနိုင်ရသည့်အဖွဲ့ (၃) ဖွဲ့အတွက် တစ်ဖွဲ့လျှင် ငွေကျပ်သိန်း ၆၀၊ ဂျူနီယာအဆင့်အတွက် တစ်ဖွဲ့လျှင် ငွေကျပ် သိန်း ၃၀ စီ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ နှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ကဏ္ဍစသည့် ကဏ္ဍသုံးရပ်အတွက် မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှု များအတွက် ဒီဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းချက်များကို ဖန်တီးရခြင်းလည်းဖြစ်သည်။

“ သူတို့ချထားတဲ့ခေါင်းစဉ်တွေက ညီမတို့စိတ်ဝင်စားတဲ့ဟာတွေလည်းဖြစ်တယ်။ နောက်တစ်ခုက အတွေ့ အကြုံလည်း လိုချင်တယ်။ တကယ်လုပ်မယ်ဆိုရင်လည်း ဆက်လုပ်ချင်တယ်ပေါ့။ အဲ့တာကြောင့် ဝင်ပြိုင် ဖြစ်တာပါ” ဟု ပညာရေးကဏ္ဍ စီနီယာအဆင့်တွင် ဆုရရှိခဲ့ သည့် Team TweeTwee မှ ခင်ဆုမြတ်သိန်း ကပြောသည်။

The Hackathon 2019 နည်းပညာဆိုင်ရာ ပြိုင်ပွဲကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်  အောက်တိုဘာလ ၁၈ရက်နေ့မှ ၂၀ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ The Hackathon 2019 နည်းပညာဆိုင်ရာပြိုင်ပွဲသည် ဒုတိယအကြိမ်မြောက်ကျင်းပ ခြင်းဖြစ်ပြီး၊ ပြိုင်ပွဲတွင် အနိုင်ရရှိသည့်အဖွဲ့များအား ၎င်းတို့ရဲ့စီမံကိန်းများကို ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် ငွေကြေး ထောက်ပံ့မှုများအပြင် အူရီးဒူး မြန်မာ၊ UNDP Myanmar တို့နှင့် Impact Hub Myanmar တို့မှ ပူးပေါင်းပြုလုပ် သွားမည့် ဖွံ့ဖြိုးတိုးတက်မှု သင်တန်းများတွင်လည်း တက်ရောက်သင်ယူခွင့် ရရှိမည်ဖြစ်ကြောင်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly