သားနှစ်ဦး စိတ်ထိခိုက်နေသဖြင့် သက်သေအဖြစ်မှ ပယ်ပေးရန် ဒေါ်ဥမ္မာလှိုင် အသနားခံစာတင်ထား

သားနှစ်ဦး စိတ်ထိခိုက်နေသဖြင့် သက်သေအဖြစ်မှ ပယ်ပေးရန် ဒေါ်ဥမ္မာလှိုင် အသနားခံစာတင်ထား
Wisdom Hill မူကြိုကျောင်းရဲ့ ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်

နေပြည်တော်(အောက်တိုဘာ ၂၁ရက်၊ ၂၀၁၉ခုနှစ်)။ ။ နေပြည်တော်က နာမည်ကြီး ဗစ်တိုးရီးယားအမှုမှာ တရားလိုပြသက်သေထဲမှာ ပါနေတဲ့ ၎င်းရဲ့ သားနှစ်ဦးဟာ ကျန်းမာရေးအရ စိတ်ထိခိုက်နေရတဲ့အတွက် သက်သေစာရင်းထဲကနေ ပယ်ဖျက်ပေးဖို့ ခရိုင်ဥပဒေရုံးမှာ အသနားခံစာတင်ထားတယ်လို့ Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူ ဒေါ်ဥမ္မာလှိုင်က ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ဒီကနေ့ ထွက်ဆိုသွားပါတယ်။

ဗစ်တိုးရီးယားအမှုမှာ တရားလိုပြသက်သေ ၂၇ဦးကို စစ်ဆေးဖို့ရှိနေပြီး အဲ့ဒီအထဲမှာ ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ဦးလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ရက်က ဗစ်တိုးရီးယားအမှု တရားခွင်အပြီး သံသယတရားခံအောင်ကြီးရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်စုဒါလီအောင်ရဲ့ ဘီဘီစီမြန်မာပိုင်းနဲ့ အင်တာဗျူးဖြေကြားချက်ဟာ ၎င်းရဲ့ အရွယ်မရောက်သေးတဲ့ သားနှစ်ဦးရဲ့ ဂုဏ်သိက္ခာရဲ့ ထိခိုက်စေတယ်ဆိုပြီး လက်ရှိမှာ ဒေါ်ဥမ္မာလှိုင်ဘက်ကနေ ရှေ့နေ ဒေါ်စုဒါလီအောင်ကို ကလေးသူငယ်အခွင့်အရေများဆိုင်ရာ ဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး တရားလို ဒေါ်ဥမ္မာလှိုင်ကို ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ဒီကနေ့ စစ်ဆေးခဲ့ပြီး ဘီဘီစီနဲ့ အင်တာဗျူးမှာ ရှေ့နေဒေါ်စုဒါလီအောင်ရဲ့ ပြောကြားချက်ဟာ သူမရဲ့ သားနှစ်ဦးအတွက် စိတ်ပိုင်းဆို်ရာ များစွာ ထိခိုက်ရသလို ဘီဘီစီက ဖော်ပြခဲ့တဲ့ အဲ့ဒီအင်တာဗျူးသတင်းအောက်က မှတ်ချက်တွေမှာလည်း မိသားစုဓာတ်ပုံတွေ၊ သားနှစ်ဦးရဲ့ ဓာတ်ပုံတွေနဲ့ မဖွယ်မရာ ရေးသားခံနေရတဲ့အတွက် အခုလို တရားစွဲဆိုရတာဖြစ်တယ်လို့ ဒေါ်ဥမ္မာလှိုင်က တရားရုံးမှာ ထွက်ဆိုသွားပါတယ်။

လက်ရှိ အခြေအနေမှာ သူမရဲ့ သားနှစ်ဦးဟာ ကျောင်းသွားဖို့တောင် မနည်းခေါ်နေရပြီး လူစည်ကားရာ ဈေးထဲတောင် မသွားရဲ၊ မလာရဲ ဖြစ်နေတယ်လို့လည်း သားနှစ်ဦးရဲ့ ဂုဏ်သိက္ခာအတွက် တရားစွဲထားတဲ့ ဒေါ်ဥမ္မာလှိုင်က ပြောပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ ဒီအမှုမှာ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ ရှေ့နေ ဒေါ်စုဒါလီအောင် ကိုယ်တိုင် တရားလို ဒေါ်ဥမ္မာလှိုင်ကို တရားခွင်ထဲမှာ ပြန်လှန်မေးခွန်း မေးခဲ့တာ တွေ့ရပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး တရားစွဲခံရတဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို စွဲချက်တင်သင့်၊ မသင့် လာမယ့်နှစ် ဇန်နဝါရီ ၁၃ရက်နေ့မှာ အမိန့်ချမယ်လို့ ပုဗ္ဗသီရိမြို့နယ်တရားသူကြီးက ဒီကနေ့မနက်မှာ တရားခွင်ကို အသိပေးထားပါတယ်။

ယခု သတင်းဖော်ပြချိန်မှာ တရားခွင်ကို တစ်နာရီ ခေတ္တရပ်နားထားပြီး မွန်းလွဲ ၁နာရီခွဲအချိန်မှာ တရားခွင်ကို ပြန်လည် စတင်မှာပါမယ်။

ဒေါ်ဥမ္မာလှိုင်အနေနဲ့ ရှေ့နေဒေါ်စုဒါလီအောင်ကို တရားစွဲဆိုထားသလို နောက်ဆက်တွဲအဖြစ် ဗစ်တိုးရီးယားရဲ့ အဖေ၊ ဦးလေး၊ အဒေါ်၊ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်၊ သံသယတရားခံအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်၊ တရားလိုဘက်ကနေ အမှုကို ကူညီဆောင်ရွက်ပေးနေသူ သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းတို့ကိုလည်း အလားတူ ပုဒ်မနဲ့ ပတ္တာရဲစခန်းမှာ အမှုဖွင့်ထားပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly