တရားမဝင်သတ္တုတူးဖော်မှုများကြောင့် စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးခဲ့မှုအပေါ် နစ်နာကြေးမပေးပါက ဆန္ဒထုတ်ဖော်သွားမည်

တရားမဝင်သတ္တုတူးဖော်မှုများကြောင့် စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးခဲ့မှုအပေါ် နစ်နာကြေးမပေးပါက ဆန္ဒထုတ်ဖော်သွားမည်
ဓာတ်ပုံ - Ma Su Facebook

ရန်ကုန်၊အောက်တိုဘာ ၂၁။           ။   ရွာငံမြို့နယ်၊ လင်းဝေကျေးရွာအုပ်စု၊ သဖန်းပင်ကျေးရွာအနီး တရားမဝင် သတ္တုတူးဖော်ထုတ်ယူမှု ကြောင့် စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးခဲ့မှုအတွက် နစ်နာကြေးမပေးပါက ဆန္ဒထုတ်ဖော်သွားမည်ဟု သဖန်းပင်ကျေးရွာမှ ဒေသခံများက ပြောဆိုလိုက်သည်။
 

“ GPS ကုမ္ပဏီက သဖန်းပင်ကျေးရွာသားတွေ လုပ်စားနေတဲ့ လုပ်စားကွက် ၂ မှာ ခွင့်ပြုမိန့်မရှိဘဲ သတ္တုတူးဖော်ထုတ်လုပ်ထားတယ်။ ပြီးခဲ့တဲ့ ၇ လပိုင်း ၂၉ ရက်နေ့က အခု၁၀ လပိုင်းအထိ ကွင်းဆင်း စစ်ဆေးတာ တွေ့ရှိတယ်။ တွေ့ရှိထားတဲ့တွေ့ရှိချက်အပေါ်သူတို့ကခွင့်ပြုမိန့်မရဘဲ လုပ်ထားတာဝန်ခံ ထားတယ်။ ကျွန်တော်တို့က ဌာနဆိုင်ရာကိုသူတို့က ခွင့်ပြုမိန့်မရှိဘဲ ထုတ်လုပ်ထားတာ တွေ့ရှိထားတဲ့ အတွက် ခိုးမှုနဲ့အရေးယူပေးဖို့ ပြောထားတာရှိတယ်။ ဒါပေမဲ့ ဌာနဆိုင်ရာတော့ အခုထိတော့မလုပ် ပေးသေးဘူး”ဟု သဖန်းပင် ကျေးရွာမှ ဒေသခံ ဦးကျော်တင်က ပြောသည်။

ရွာငံမြို့နယ် ၊ လင်းဝေးကျေးရွာအုပ်စု ၊ သဖန်းပင်ကျေးရွာအတွင်း တရားမဝင် သတ္တုတူးဖော်နေသည့် ကုမ္ပဏီမှာGPS ကုမ္ပဏီ နှင့် ဟားဘွန်စတားကုမ္ပဏီတို့ဖြစ်ပြီး ၊ လက်ရှိလုပ်ကိုင်နေသူထဲတွင် ပြည်ဝင် ခွင့်ရရှိထားသော တရုတ်လူမျိုး နှစ်ဦးသာ ပါဝင်နေကြောင်း တရားမဝင်လုပ်ကိုင်နေသူ တရုတ်လူမျိုး ၃၀ ခန့် ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“၁၀ လပိုင်း ၆ ရက်နေ့က သတ္တုတွင်းဌာနဒေါက်တာ ဦးနေဇာလင်း ရွာငံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမင်းတို့က ဖာပွန်ဒေသလုပ်ငန်းလည်း သက်တမ်းကုန်ပြီးဖြစ်တဲ့အတွက် ဆက်မလုပ်ရဘူး။ ရပ်ထားရမယ် ပြောပေမယ့် အခုချိန်ထိ လုံးဝမနားသေးဘဲ သူတို့က လုပ်နေတာပဲ။ ကျွန်တော်တို့ ပျက်စီးသွားတဲ့ သဘာဝသယံဇာတ ဆုံးရှုံးတာ ၊ ရေမြေထု ၊တောတောင်ဆုံးရှုံးသွားတာ နစ်နာကြေးရမှကျေနပ်မယ်။  နစ်နာကြေးမရရင် လမ်းပေါ်ထွက် ဆန္ဒထွက်ပြဖို့ စဉ်းစားထားတယ်။ဒီနေ့ ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အစည်း ၊ လွှတ်တော်ကိုယ်စားလှယ်၊ ဒေသခံတောင်သူတွေပေါင်းပြီး အစည်းအဝေးလုပ်မယ်။ ကျွန်တော်တို့က ဒီကိစ္စကို ဘယ်နှစ်ရက်လောက်စောင့်ရမလဲ မြေးမန်းသွား မယ်။ အဖြေပေးတဲ့ ရက်မှာ ကျွန်တော်တို့ နစ်နာဆုံးရှုံးမှု တန်ကြေးမရရင် ဆန္ဒပြဖို့ စဉ်းစားတယ်” ဟု ဒေသခံ ဦးကျော်တင်က ဆက်ပြောသည်။

အဆိုပါ သတ္တုတူးဖော်သည့်နေရာတွင် ဟာဘွန်းစတားကုမ္ပဏီသည် မေလအထိ သက်တမ်း ခွင့်ပြု ထားသော်လည်း ယခု အောက်တိုဘာလအထိ ဆက်လက်တူးဖော်နေကြောင်း၊GPS ကုမ္ပဏီမှာ ခွင့်ပြုချက်မကျသေးဘဲ တရားမဝင်တူးဖော်နေသည်ကို စစ်ဆေးတွေ့ရှိထားသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုထားကြောင်း ရွာငံမြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ပြောသည်။

 

“ကျွန်တော်တို့ သွားတဲ့နောက်ပိုင်း ဒါတွေကို တရားမဝင်ဘူး။ ထုတ်လုပ်မှုကို ရပ်ပါ။ လက်မခံဘူးပြော တယ်။ ဒါတွေကို သူတို့က ဆက်လုပ်နေတာပဲ။ အခုပြင်ဆင်နေတဲ့ သတ္တုတွင်း နည်းဥပဒေ အရဆိုရင် တရားဝင်ကျ  သည့်တိုင်  အောင် ဒေသခံပြည်သူလူထု၊ လွှတ်တော်ကိုယ်စားလှယ် ၊ အရပ်ဖက်အဖွဲ့ အစည်းတွေနဲ့ ပွင့်လင်းမြင်သာစွာဆွေးနွေးပြီးမှလုပ်ငန်းလုပ်သင့်တာ။ အခုကဘာမှ ထိတွေ့မှုမရှိဘူး။ နံပါတ်တစ်အချက်က သက်တမ်း ကုန်ရင်ဥပဒေနဲ့ မညီတော့ဘူးလေ။ ဘာကြောင့်ဆက်လုပ် တာလဲ ၊ ဘယ်သူအားကိုးနဲ့ လုပ်နေလဲဆိုတာ ကျွန်တော်လည်း စဉ်းစားလို့မရဘူး။  အရေးယူမှုအပိုင်းကတော့ ဝန်ကြီးဌာနအပိုင်း ၊ သူတို့အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ကနေ အစီရင်ခံစာတင်ပြီးဆက်လုပ်မှာပဲ။ ဒီအပေါ်စောင့်ကြည့်မယ်။ အရေးမယူရင် လွှတ်တော်ထဲ ကြယ်ပွင့်ပြမေးခွန်းထပ်မေးမယ်”  ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ပြောသည်။

 ထိုသို့ သတ္တုများတရားမဝင်တူးဖော်နေမှုအတွက် ဒေသခံများ၏ လယ်ယာမြေများ ၊ သဘာဝပတ်ဝန်း ကျင်ပျက်စီးဆုံးရှုံးမှု ကြုံတွေ့နေရသောကြောင့်ဒေသခံရွာသားများကသက်ဆိုင်ရာသို့ တင်ပြရာ ဇူလိုင် လ ၂၉ ရက်က ရွာငံမြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာမှသတ္တူတူးဖော်သည့်ေနရာသို့သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဌာန ၊ နေပြည်တော်ကသတ္တူတူးဖော်ရေးခေါင်းဆောင်ကွင်းဆင်း စစ်ဆေးတာရှိတယ်။ ပထမတစ်ကြိမ်က ဇူလိုင်လ ၊ နောက်တစ်ခါအောက်တိုဘာလထဲ။သတ္တူတွင်းတူးဖော်ဖို့ ကုမ္ပဏီက ခွင့်ပြုချက်တင် ထားတယ်။ ကျတော့ မကျသေးဘူး။ အဲ့တာကိုလမ်းတွေ ကြိုဖောက်ထားတာ  ရှိတယ်။ အဲ့တာတွေ ဆက်မလုပ်ဖို့ ပြောထားတယ်။ သတ္တုတွင်းကတော့ သူတို့ ဥပဒေအတိုင်း ဆက်လုပ်သွားဖို့ ရှိတယ်”  ဟု  ရွာငံ အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ကျေးရွာပေါင်း  ၁၂၅ ရွာ၊လူဦးရေ ၈၃၂၁၉ ဦးရှိပြီး့ မြို့နယ် အတွင်းတရားမဝင်တူးဖော်နေသော ခဲသတ္တုတူးဖော်ရေးလုပ်ငန်း  ၅ ခု ထက်မနည်း ရှိနိုင်ကြောင်း စုံစမ်းသိရှိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly