လက်ဘနွန် ဆန္ဒပြပွဲတွေကြောင့် ဆော်ဒီက ၎င်းနိုင်ငံသားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်း

လက်ဘနွန် ဆန္ဒပြပွဲတွေကြောင့် ဆော်ဒီက ၎င်းနိုင်ငံသားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်း

ဘိုင်ရွတ်၊ အောက်တိုဘာ ၂၁။             ။ လက်ဘနွန်နိုင်ငံမှာ အစိုးရရဲ့ စီးပွားရေးစီမံကိန်းတွေကို ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေ သုံးရက်မြောက် ရောက်လာတဲ့အချိန်မှာ ဆော်ဒီအာရေဗျနိုင်ငံဟာ လက်ဘနွန်နိုင်ငံရောက် ၎င်းနိုင်ငံသားတွေကို စနေနေ့က စတင်ပြီး ဘေးလွတ်ရာရွှေ့ပြောင်းပေးလာခဲ့ပါတယ်။

ပဋိပက္ခနဲ့ အရေးပေါ် စီမံခန့်ခွဲရေး စီမံကိန်း ပထမပိုင်း အောင်မြင်ကြောင်း၊ နိုင်ငံသားတွေကို ဘိုင်ရွတ်က ရာဖစ်ဟာရီရီနိုင်ငံတကာလေဆိပ်မှာ နံနက် ငါးနာရီကစပြီး ရွှေ့ပြောင်းပေးထားကြောင်း ဘိုင်ရွတ်မှာ ရှိတဲ့ ဆော်ဒီသံရုံးက ထုတ်ပြန်ပါတယ်။

လက်ဘနွန်အစိုးရဟာ ၎င်းရဲ့ ဘဏ္ဍာငွေ မြှင့်တင်ရေးအတွက် WhatsApp လို့ မက်ဆေ့ချ်အက်ပရီကေးရှင်း အသုံးပြုသူတွေအတွက် တစ်ရက်ကို ဆင့် ၂၀ ကောက်ယူမယ့် အစီအစဉ်ရှိကြောင်း ကြေညာလိုက်ပြီးနောက် ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်ပြီး လက်ဘနွန်နိုင်ငံအနှံ့ လမ်းတွေပေါ် ထောင်ပေါင်းများစွာသော ပြည်သူတွေ စုရုံးဆန္ဒပြလာကြတာ ဖြစ်ပါတယ်။

ကြာသပတေးနေ့ နှောင်းပိုင်းမှာ ဆက်သွယ်ရေးဝန်ကြီး မိုဟာမတ်ခါအော့ကာရာက မက်ဆေ့ချ်အက်ပရီကေးရှင်း အသုံးပြုခ ကောက်ခံခြင်းဟာ လက်တွေ့ အကောင်အထည် ဖော်မှာ မဟုတ်ဘူးလို့ ကြေညာလာပေမယ့် လက်ဘနွန်မြို့တော်နဲ့ အခြားမြို့တွေမှာ ပြည်သူတွေဟာ အစိုးရ ရာထူးက ဆင်းသွားပေးဖို့ တောင်းဆိုဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပေါ်နေတော့တာ ဖြစ်ပါတယ်။

သောကြာနေ့မှာ လက်ဘနွန်ဝန်ကြီးချုပ် ဆတ်ဟာရီရီက နိုင်ငံမှာ ဖြစ်ပွားနေတဲ့ စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းဖို့ သဘောတူညီချက် တစ်ရပ်ဖော်ဆောင်ရန် ၎င်းရဲ့ အစိုးရအဖွဲ့ကို ၇၂ နာရီ အချိန်ပေးထားကြောင်း ကြေညာခဲ့ပါတယ်။

လက်ဘနွန်ပြည်သူတွေအနေနဲ့ စီးပွားရေး အကျပ်အတည်းဒဏ်ကို ခံစားကြုံတွေ့နေရပါတယ်။ ကမ္ဘာမှာ ကြွေးထူပြောဆုံးတစ်နိုင်ငံအဖြစ် လက်ဘနွန်နိုင်ငံမှာ ကြွေးမြီ အမေရိကန်ဒေါ်လာ ၈၆ ဘီလီယံ ရှိနေပြီး ဒါဟာဆိုရင် နိုင်ငံရဲ့ ဂျီဒီပီရဲ့ ၁၅၀ ရာခိုင်နှုန်းနီးပါး ရှိနေတာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly