ကမ္ဘာ့ပိုလီယိုနေ့အထိမ်းအမှတ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲ မန္တလေးတွင် ပြုလုပ်

ကမ္ဘာ့ပိုလီယိုနေ့အထိမ်းအမှတ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲ မန္တလေးတွင် ပြုလုပ်
(ဓာတ်ပုံ - အောင်ကိုဦး/မဇ္ဈိမ)

မန္တလေး၊ အောက်တိုဘာလ ၂၀ ။        ။ ကမ္ဘာ့ပိုလီယိုနေ့အထိမ်းအမှတ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲ အခမ်းအနားကို မန္တလေးမြို့တွင် အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၅ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ စက်ဘီးစီးနင်းပွဲ အခမ်းအနားကို ကျုံးတောင်ဘက်လမ်း ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိစည်ပင်သာယာရေးကော်မတီရုံးရှေ့မှ စတင်တာထွက်ခဲ့ခြင်းဖြစ်ပြီးကျုံးတစ်ပတ်ပတ်ခဲ့ကာ စက်ဘီးစီးနင်းသူပေါင်း ၈၀၀ ဦးခန့် ပါဝင်ခဲ့သည်။

အဆိုပါ လူထုစုပေါင်းစက်ဘီးစီးနင်းပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ စက်ဘီးကို စတင်သည့် ခြေလှမ်းတိုင်း၊ စက်ဘီး ဘီးလေးများ လည်ပတ်တိုင်းသည် ပန်းတိုင်ဖြစ်သည့် ပိုလီယို ရောဂါကင်စင်သော မန္တလေးတိုင်းဒေသကြီးအဖြစ်သာမက၊ ပိုလီယိုရောဂါကင်းစင်သည့် မြန်မာနိုင်ငံ ပိုလီယိုရောဂါကင်းစင်သော အမ္ဘာကြီးအဖြစ် မကြာမှီရောက်ရှိလာဖို့အတွက် ခြေလှမ်းများဖြစ်သည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

စက်ဘီးစီးနင်းပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ Gavi၊ UNICEF ၊ WHO ၊ Rotary တို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ပိုလီယိုကင်းစင်သော နိုင်ငံအဖြစ် သတ်မှတ်ခြင်းခံထားရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly