ဆေးဖက်ဝင်တဲ့ ဖရဲစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ဆေးဖက်ဝင်တဲ့ ဖရဲစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဖရဲသီးစားတဲ့အခါ အစေ့ကိုထွေးပစ်ကြပါတယ်။ နှမျောစရာကောင်းတာက ဖရဲစေ့ဟာ အံ့အားသင့်လောက်စရာ အကျိုးအာနိသင်တွေပါရှိနေပြီး ကျန်းမာရေးကို အကျိုးပြုနိုင်လို့ပါပဲ။

ကျန်းမာရေးအတွက် အစေ့အဆန်တွေစားရမယ်ဆိုပြီး အွန်လိုင်းကတောင် တကူးတကမှာစားကြတာ ဈေးကြီးပေးပြီးတော့လေ။ ကိုယ့်အနီးအနားမှာပဲ လွယ်လွယ်ကူကူရနိုင်နေတဲ့ သမားရိုးကျအစေ့အဆန်တွေကလည်း တန်ဖိုးမသေးဘူးဆိုတာ မသိကြရော့သလား။
ဖရဲစေ့က စားလို့ရလို့လား

ကွာစေ့လို့သိကြတာ ဖရဲစေ့ပါပဲ။ ဖရဲသီးအစေ့ကိုစားတာာက လုံးဝကိုအန္တရာယ်ကင်းတဲ့အပြင် အလုံးစုံကျန်းမာရေးအတွက်ပါ အရမ်းကောင်းပါတယ်လို့ ပညာရှင်တွေက လက်ခံထားကြပါတယ်။ ကလေးတွေစားရင် အစေ့တွေမျိုချမိလို့ သီးမှာ နင်မှာကို မိဘတွေကစိုးရိမ်ကြပေမယ့် ဖရဲစေ့ကို ကြိုက်သလောက်စား ဘေးမရှိပါဘူးတဲ့။

ဆေးဖက်ဝင်ဖို့အတွက်ဆိုရင် သည်အတိုင်းမျိုချတာအပြင် ဖရဲစေ့ကိုစားဖို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ဥပမာ- အညှောင့်ဖောက်တာ၊ လှော်တာ၊ အဆီထုတ်တာ တို့ပဲဖြစ်ပါတယ်။

အလွယ်ဆုံးနည်းက လှော်တာဖြစ်ပါတယ်။ ဖရဲစေ့တွေကို ဒယ်အိုးထဲမှာ အပူနည်းနည်းနဲ့ မိနစ် ၃၀ – ၄၅ မိနစ်လောက် ကြွပ်ရွလာတဲ့အထိ လှော်ပါ။ အိုးကို သံလွင်ဆီလေး ဖျန်းပြီးမှလှော်ရင် ပိုပြည့်စုံပါတယ်။
ဖရဲစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ဖရဲစေ့ရဲ့ အံ့အားသင့်လောက်စရာ အကျိုးအာနိသင်တွေထဲမှာ ဆံသားကျန်းမာရေးအတွက် ကောင်းစေတာ၊ အသားအရေလှစေတာ၊ ခွန်အားတိုးစေတာ၊ သွေးတိုးကျတာ၊ အစာကြေစေတာ၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာ၊ အရိုးသန်မာစေတာ၊ ကိုလက်စထရောကျစေတာ တို့ပါဝင်ပါတယ်။
အသားအရေထိန်းသိမ်းခြင်း

ဖရဲသီးအစေ့တွေမှာ အသားအရေအတွက်ကောင်းတဲ့ omega-3 fatty acids တွေနဲ့ တခြားအဆီဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ပုံမှန်စားသုံးရင်အသားအရေကိုအစိုဓာတ်ထိန်းပေးပြီး အသားအရေမွဲခြောက်တာတွေ မဖြစ်စေဖို့ကာကွယ်ပေးပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်လို့ အရေးအကြောင်းတွေ၊ အသက်အရွယ် ကြောင့်ဖြစ်လာတဲ့ အမည်းစက်တွေ၊အကွက်တွေကို ဖြစ်နိုင်မှုနှုန်းလျော့နည်းစေပါတယ်။

အကောင်းဆုံးကတော့ ဖရဲစေ့အဆီကို ပုံမှန်လိမ်းပေးရင် ချွေးပေါက်ပိတ်ဆို့မှုကိုကာကွယ်ပေးလို့ ဝက်ခြံဖြစ်မလာ အောင်တားဆီးပေးနိုင်ပါတယ်။
ဆံသားကျန်းမာရေး

ပရိုတင်း၊သံဓာတ်၊မဂ္ဂနီဆီယမ်နဲ့ကော့ပါးဓာတ်တွေ ပါဝင်တာကြောင့် ဆံပင်သန်စေမယ်၊ ဆံပင်ကျွတ်သက်သာစေ မယ်၊အဖျားနှစ်ခွမဖြစ်စေဘူးလို့ဆိုပါတယ်။ ကော့ပါးက ဆံပင်အရောင်ကိုအားပေးတဲ့ melanin ထုတ်လုပ်မှုကို ထောက်ပံ့တာကြောင့် ဆံသားကိုနက်မှောင်တောက်ပြောင်စေနိုင်တယ်လို့သိရပါတယ်။
မျိုးအောင်နိုင်စွမ်း

ဖရဲစေ့မှာပါတဲ့ အမိုင်နိုအက်စစ်ကြောင့် ဆဲလ်နဲ့တစ်ရှူးအသစ်ဖြစ်ပေါ်စေခြင်းအပြင် လိင်မှုစွမ်းဆောင်ရည်နဲ့ လိင်စိတ်မှာ တိုးတက်မှုရှိစေနိုင်တယ်လို့ သိရပါတယ်။လိုင်ဆင်းဓာတ်၊ ဂလူတမစ်အက်စစ်နဲ့ arginine တို့ သိသိသာသာပါဝင်တာကြောင့် ကလေးမရနိုင်တဲ့/လိင်မှုကိစ္စမစွမ်းဆောင်နိုင်တဲ့ အမျိုးသားတွေမှာ လိင်စိတ်ကို မြှင့်တင်ပေးပါတယ်။ ကာရိုတီးနွိုက်ဓာတ်ကြောင့် သုက်ပိုးထုတ်လုပ်မှုကို တိုးစေပြီး ကလေးရဖို့ကြိုးစားနေတဲ့ မိသားစုတွေအတွက် အခွင့်အရေးပိုများစေပါတယ်။
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

ဖရဲစေ့စားသုံးခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ဆီးချိုဝေဒနာသည်တွေမှာဖြစ်တတ်တဲ့ သကြားဓာတ်အတက်အကျမှာ အန္တရာယ်ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
LDL ကိုလက်စထရောပမာဏ ကျစေခြင်း

အမျှင်ဓာတ်ပါတဲ့အပြင် fatty acids တွေအချိုးညီမျှစွာပါဝင်လို့ လို့ LDL ကိုလက်စထရောတွေကို ကျစေနိုင်ပါတယ်။ သည်ကိုလက်စထရောက နှလုံးရောဂါနဲ့လေဖြတ်ခြင်းကိုဖြစ်နိုင်ခြေပိုများစေတာကြောင့် သူ့ကို ပမာဏထိန်းချုပ်ပြီး အကျိုးပြုကိုလက်စထရောတွေကိုတိုးစေတာက အကောင်းဆုံးဖြစ်ပါတယ်။
ကိုယ်ခံအားကိုကောင်းစေတယ်

ကာရိုတီးနွိုက်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင် ဘီအုပ်စုပါဝင်တဲ့ ဖရဲသီးစေ့တွေက ကိုယ်ခံအားရဲ့ တုံ့ပြန်နိုင်စွမ်းကိုတိုးမြှင့်ပေးပြီး ကိုယ်ခံအားစနစ်ရဲ့အားနည်းချက်တွေကို ဖြည့်ဆည်းပေးပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက free radicals တွေရဲ့ဆိုးကျိုးတွေကို ရငဆိုင်ရာမှာကူညီပေးနိုင်တာကြောင့် နာတာရှည်ရောဂါတွေ၊ ကင်ဆာရောဂါ၊ နှလုံးရောဂါတို့ကို ဖြစ်နိုင်ခြေပိုနည်းစေပါတယ်။
အရိုးပွရောဂါ ကာကွယ်ခြင်း

ဖရဲစေ့မှာ မယုံနိုင်လောက်စရာကောင်းအောင် သတ္တုဓာတ်တွေရှိပါတယ်။ ကော့ပါး၊ သံဓာတ်၊ ပိုတက်စီယံနဲ့ မဂ်ကနီစီယစ်တို့လည်း ပါဝင်လို့ အရိုးကို သန်မာစေပြီး အရိုးထုထည်ကို တိုးစေပါတယ်။ ဒါကြောင့် အရွယ်မတိုင်မှီ အရိုးရောဂါမှ ဖြစ်နိုင်ခြေကို လျော့နည်းစေပြီး အသက်ကြီးလာချိန်မှာလည်း ခံနိုင်ရည်ရှိစေပါလိမ့်မည်။
သွေးတိုးကိုကျစေခြင်း

ဖရဲသီးအစေ့မှာ နှလုံးကျန်းမာရေးအတွက်ကောင်းတဲ့ မဂ္ဂနီဆီယမ်၊ပိုတက်ဆီယမ်နဲ့ အမိုင်နိုအက်စစ်တို့ ပါဝင်ပါတယ်။ Arginine က သွေးတိုးကိုကျစေပါတယ်။ ပိုတက်ဆီယမ်က သွေးဖိအားကိုထိန်းညှိပေးပြီး နှလုံးသွေးကြော စနစ်အပေါ် ထိခိုက်မှုကို လျော့နည်းစေပါတယ်။
အာရုံကြောလုပ်ဆောင်မှုအားကောင်းစေခြင်း

ဗီတာမင်ဘီ တွေဟာ လူ့ကျန်းမာရေးအတွက် သိပ်ကြီးကြီးမားမား အလေးထားမခံရပေမယ့် ဖရဲစေ့မှာတွေ့ရတဲ့ niacin, thiamin, folate, riboflavin နဲ့ pantothenic acid တို့လို ဒြပ်ပေါင်းတွေကခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို ထိန်းညှိပေးပြီး အာရုံကြောစနစ်ရဲ့လှုပ်ရှားမှုတွေကို တိုးတက်ကောင်းမွန်စေပါတယ်။

ဒီဆောင်းပါးလေးဖတ်ပြီးရင် ဗန်ဒါစေ့၊ နေကြာစေ့၊ ကွာစေ့၊ သီဟိုဠ်စေ့၊ ဖရုံစေ့ စတဲ့ ပြည်တွင်းမှာရနိုင်တဲ့ အစေ့အဆန်လေးတွေကလည်း နိုင်ငံခြားကအစေ့အဆန်တွေထက်တော့ ကျန်းမာရေးအကျိုးကျေးဇူးမလျော့ပါဘူးဆိုတာ သတိပြုမိကြမယ်လို့ မျှော်လင့်ပါတယ်။ 

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly