ဧရာဝတီတိုင်းအတွင်း စပါးဝယ်ယူရေးအတွက် ငါးဘီလီယံ ကနဦး လျာထား

ဧရာဝတီတိုင်းအတွင်း စပါးဝယ်ယူရေးအတွက် ငါးဘီလီယံ ကနဦး လျာထား
Photo - EPA

ပုသိမ်၊ အောက်တိုဘာ ၁၉။               ။ ဧရာဝတီတိုင်းဒေသကြီးအတွင်း စပါးဝယ်ယူရေးအတွက် ငါးဘီလီယံခန့် ကနဦးလျာထားထားကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိုးအောင်ကပြောသည်။

“နိုင်ငံတော်က သတ်မှတ်ထားတဲ့ စပါးစျေးနှုန်းနဲ့ ဧရာဝတီမှာ ဝယ်သင့် မဝယ်သင့်ဆုံးဖြတ်ရာမှာ ဝယ်ပါမယ်လို့ အရင်ဆုံး အသိပေးလိုပါတယ်။အော်ပရေတာကလုပ်ရမယ့်အလုပ် ဝယ်ယူမယ့် အဖွဲ့အစည်းကလုပ်ရမယ့် အလုပ် ကြီးကြပ်အဖွဲ့ကဆောင်ရွက်ရမယ့်ကိစ္စကို အသေးစိတ်အစီအစဉ်ဆွဲမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး အစိုးရကတဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ကိုငွေေကြးတောင်းခံပြီး ဆက်လက်ဆောင်ရွက်သွားပါမယ်။

မြို့နယ်တွေအလိုက် လိုအပ်ချက်ကို စာရင်းပြုစုထားပါတယ်။ ပထမ ၅ဘီလီယံလောက် လျားထားပါတယ်။ လိုအပ်လည်း ထပ်တောင်းလိုရတယ်လို့ သိရတဲ့အတွက် လိုအပ်ချက်အပေါ်မှာ မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားပါမယ်”ဟုဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးအောင် ကပြောသည်။

ယခုနှစ် မိုးစပါးနှင့် ၂၀၂၀နွေစပါးရာသီအတွက် ၄၆ပေါင်ကိုက်စပါးတင်း၁၀၀လျှင် ကျပ် ၅သိန်းနှုန်းဖြင့် ဝယ်ယူရန် အောက်တိုဘာ၁၅ရက်နေ့တွင် အစိုးရက သတ်မှတ်ထုတ်ပြန်ခဲ့သည်။အဆိုပါ စျေးနှုန်း ရရှိစေရန်အတွက် စပါးများသည်အစိုဓာတ် ၁၄ရာခိုင်နှုန်းနှင့်အဖျင်း၊ အမှော် ၊ဖုန်၊သဲ၊ခဲ ကင်းစင်ကာ သတ်မှတ်အရည်အသွေးစံနှုန်း ကိုက်ညီရန် လိုအပ်ကြောင်းသိရသည်။

“အရည်အသွေးကောင်းမွန်ပြီး ဖုတ်သဲခဲကင်းစင်သော စပါးတွေကို ပေးမယ်လို့ ပြောထားတယ် ပေါ့ နော်။ဆိုးတာက လယ်သမားတွေက အရည်အသွေးမမီတဲ့ စပါးတွေထုတ်လုပ်တာ ဆိုးတယ်။ စနစ် တကျထုတ်လုပ်ပြီး ကွာလတီကောင်းအောင်ထုတ်မယ်။စပါးအထွက်လည်း ကောင်းမယ်ဆိုရင်တော့ ငါးသိန်းစျေးဆိုတာ လယ်သမားအတွက် စားဝတ်နေရေး ဖူလုံလောက်ရုံပဲ ရှိမယ်။ ဧကနည်း လယ် သမားတွေအတွက်ဆို ဝမ်းဝယုံဘဲပေါ့၊ အကျိုးစီးပွားတော့ မဖြစ်နိုင်ဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး စက်မှုကုန်သည်များအသင်းချုပ်မှ ဦးဝင်းမြင့်လှိုင်ကပြောသည်။

ယမန်နှစ်က စပါးတင်း ၁၀၀လျှင် မြို့အရောက် ကျပ် ၅သိန်းခွဲမှကျပ် ၆သိန်းအထိ စျေးရရှိခဲ့သော် လည်း ယခုနှစ်တွင်မြို့နယ်တချို့၌ စပါးတင်း၁၀၀လျှင်ကျပ် ၄သိန်းခွဲဝန်းကျင်သာ ရရှိနေကြောင်း တောင်သူများထံမှသိရသည်။ထို့အြပင်ယခုနှစ်တွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် စိုက်ဧက အချို့ပျက်စီးမှုများရှိခဲ့သဖြင့်စပါးအထွက်နှုန်း လျှော့ကျခဲ့ရာ စပါးစျေးတင်း ၁၀၀လျှင် ကျပ် ၅သိန်းရရှိခဲ့သော်လည်း အရှုံးပေါ်နိုင်ကြောင်း တောင်သူများက သုံးသပ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required