မြောက်ဦးမြို့ရှိ နှစ်နေရာတွင် တပ်မတော်နှင့် AA တိုက်ပွဲပြင်းထန်၊ စစ်ရှောင်လာသည့် ကလေးငယ် နှစ်ဦးပျောက်ဆုံး

မြောက်ဦးမြို့ရှိ နှစ်နေရာတွင် တပ်မတော်နှင့် AA တိုက်ပွဲပြင်းထန်၊ စစ်ရှောင်လာသည့် ကလေးငယ် နှစ်ဦးပျောက်ဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၉။           ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ လက္ကာရွာနှင့် ဝေသာလီရွာအနီးနှစ်နေရာတွင် တပ်မတော်နှင့် ရခိုင့်တပ် (AA) တို့အကြားတိုက်ပွဲပြင်းထန်နေပြီး စစ်ရှောင်လာသည့်ကလေးငယ်နှစ်ဦး ရေနစ်ပျောက်ဆုံးနေသည်ဟု မြောက်ဦးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“ဝေသာလီကျေးရွာက ကလေးနှစ်ယောက်စက်လှေနဲ့ကူးတာမှာ ရေနစ်သွားတယ်လို့သတင်းရတယ်။ ဒါပေမယ့် အလောင်းတွေ ဘာတွေ အတိအကျတော့မရသေးဘူးပေါ့” ဟု ၎င်းကဆိုသည်။
ပျောက်ဆုံးနေသည့်ကလေးငယ် နှစ်ဦးမှာ အသက် ၁၃ နှစ်ခန့်နှင့်၄ နှစ်ခန့်အရွယ်ရှိ ကလေးများဖြစ်ကြောင်း ကနဦး သိရသည်။

လက္ကာရွာနှင့် ဝေသာလီရွာ နှစ်နေရာအနီးတွင် အောက်တိုဘာ ၁၉ ရက်နံနက်အစောပိုင်းမှ သတင်းရေးသားချိန် နေ့လယ် ၁၁ နာရီခန့်အထိ တပ်မတော်နှင့် ရခိုင့်တပ် (AA) တို့အကြား တိုက်ပွဲများ တောက်လျောက် ဖြစ်ပွား နေခြင်းလည်း ဖြစ်သည်။

“ ခင်ဗျားနဲ့ ဖုန်းဆက်နေတုန်းမှာပဲ အမြောက်သံ ကြားနေရတယ်” ဟု ဦးထွန်းသာစိန်က အောက်တိုဘာ ၁၉ ရက်နေ့လယ် ၁၁ နာရီ ၂၀ မိနစ်တွင်ပြောသည်။

မြောက်ဦးမြို့နယ်ထဲရှိ လက္ကာရွာသည် အိမ်ခြေ ၂၀၀ ကျော်ခန့်ရှိသည့်ရွာတစ်ခုဖြစ်ပြီး ရွာသားအများစုမှာ ယခင် တိုက်ပွဲဖြစ်ပွားကတည်းက လက်ရှိအချိန်အထိ စစ်ရှောင်စခန်းနှင့် နီးစပ်ရာအိမ်များတွင်ခုံလှုံနေကြဆဲဖြစ် ကြောင်း သိရသည်။

ဝေသာလီကျေးရွာ၏အခြေအနေကိုမူ မဇ္ဈိမမှစုံစမ်းနေဆဲဖြစ်ပြီး တိုက်ပွဲများသည် ရွာအနီးဖြစ်ပွားနေခြင်းကြောင့် အရပ်သားထိခိုက်မှုရှိ၊ မရှိကို မသိရသေးကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ရခိုင့်တပ် (AA) တာဝန်ရှိသူများထံ ဆက်သွယ်သော်လည်း နေ့လယ် ၁၁ ခွဲအထိ ဖုန်းပြန်လည် ဖြေကြားခြင်းမရှိကြသေးပေ။

အောက်တိုဘာ ၁၈ ရက်နေ့အထိ တပ်မတော်နှင့် ရခိုင့်တပ် (AA) တို့၏တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှု ၉၀ ခန့်နှင့် ဒဏ်ရာရမှု ၁၃၀ ခန့်အထိရှိလာပြီး စစ်ရှောင်ဦးရေမှာ လူဦးရေ ခြောက်သောင်းဝန်းကျင်ခန့်ရှိနေ ကြောင်း သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly