နာဆာ၊ အောက်တိုဘာ ၁၉။ ။ ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ နာဆာဟာ အမျိုးသမီး အာကာသယာဉ်မှူး နှစ်ဦး အာကာသအတွင်း လမ်းလျှောက်ခြင်းနဲ့ ပထမဆုံး အမျိုးသမီး အာကာသလမ်းလျှောက်မှု သမိုင်းမှတ်တိုင်ကို စိုက်ထူလိုက်ပြီ ဖြစ်ပါတယ်။
အမျိုးသမီး အာကာသယာဉ်မှူးနှစ်ဦးဖြစ်တဲ့ ခရစ္စတီးနားကို့ရှ်နဲ့ ဂျက်စီကာမီယားတို့ဟာ နိုင်ငံတကာ အာကာသစခန်းယာဉ် အပြင်ဖက်ကို ထွက်ပြီး ပါဝါထိန်းချုပ်မှု စက်ကိရိယာအစိတ်အပိုင်းကို အစားထိုးတပ်ဆင်ရင်း ပထမဆုံး အာကာသလမ်းလျှောက်မှုကို ပြုလုပ်ခဲ့တာပါ။
ဒီလို အာကာသအတွင်း ပထမဆုံး အမျိုးသမီး လမ်းလျှောက်မှုကို ပြုလုပ်ရာမှာ အချိန်အားဖြင့် ခုနစ်နာရီ ၁၇ မိနစ် ကြာမြင့်တာ ဖြစ်ပါတယ်။
ခုလို အမျိုးသမီးနှစ်ဦး အာကာသအတွင်း လမ်းလျှောက်ပြီး ပထမဆုံး သမိုင်းမှတ်တိုင် စိုက်ထူလိုက်တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ချီးမွှမ်း ပြောဆိုပါတယ်။
“မင်းတို့တွေဟာ တကယ့်ကို သတ္တိပြောင်မြောက်ကြပါတယ်။ အလွန် ထက်မြက်ပါရမီထူးတဲ့ အမျိုးသမီးတွေပါပဲ။”လို့ ခရစ္စတီးနားကို့ရှ်နဲ့ ဂျက်စီကာမီယားတို့နဲ့ ဗီဒီယိုဖုန်း ပြောဆိုရာမှာ ထရမ့်က ပြောခဲ့တာ ဖြစ်ပါတယ်။
“မင်းတို့ဟာ အမေရိကန်နိုင်ငံကို ကိုယ်စားပြုနေသူတွေ ဖြစ်ပြီး မင်းတို့အတွက် ငါတို့ဟာ အလွန်ကို ဂုဏ်ယူကြရပါတယ်။”လို့ ထရမ့်က ပြောဆိုခဲ့ပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/