အယ်လ်ချာပိုရဲ့ သားကို ဖမ်းမိခဲ့ပေမယ့် တိုက်ပွဲအပြင်းအထန်ဖြစ်လို့ ပြန်လွှတ်ပေးခဲ့ရဟု မက္ကဆီကို အာဏာပိုင်တွေ ပြောဆို

အယ်လ်ချာပိုရဲ့ သားကို ဖမ်းမိခဲ့ပေမယ့် တိုက်ပွဲအပြင်းအထန်ဖြစ်လို့ ပြန်လွှတ်ပေးခဲ့ရဟု မက္ကဆီကို အာဏာပိုင်တွေ ပြောဆို

အောက်တိုဘာ ၁၈။           ။ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ မက္ကဆီကိုမူးယစ်ရာဇာ ယော်ကွင်း အယ်လ်ချာပို ဂုဇ်မန်းရဲ့ သားတစ်ဦးကို ဖမ်းမိကြောင်း မက္ကဆီကို အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပေမယ့် ယခုအခါ ပြန်လွှတ်ပေးလိုက်ရပြီဖြစ်ကြောင်း သိရပါတယ်။

မက္ကဆီကို နိုင်ငံ ကူလီယာကန် မြို့မှာ  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အယ်လ်ချာပိုရဲ့ သားတစ်ဦးဖြစ်တဲ့ အိုဗီဒီယို ဂုဇ်မန်း လိုပက်ဇ်ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယင်းဖမ်းဆီးမှုနောက်ပိုင်း ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ခုလို ပြန်လွှတ်ပေးလိုက်ရတာဖြစ်ပါတယ်။

ယင်းမြို့မှာ ပုံမှန်ကင်းလှည့်စဉ်အတွင်း အိုဗီဒီယို ဂုဇ်မန်း လိုပက်ဇ်ကို တွေ့ရှိဖို့ တာဝန်ရှိသူတွေ ဖမ်းဆီးခဲ့တာဖြစ်ပြီး ယင်းနောက်ပိုင်း ယင်းမြို့ထဲမှာ နာရီများစွာကြာ မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သံသယရှိ မူးယစ်ဂိုဏ်းအဖွဲ့သားတွေအကြား အပြင်းအထန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရ လက်နက်ကိုင် အမျိုးသားတွေဟာ မက္ကဆီကိုရဲတွေကို အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဘက်အကြား တိုက်ပွဲအကြီးအကျယ် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ယင်းနောက် မက္ကဆီကိုရဲတွေဟာ မြို့တွင်းမှာ ဆိုးဝါးတဲ့ အခြေအနေတွေ မဖြစ်အောင် ရှောင်တဲ့အနေနဲ့ ဖမ်းမိထားတဲ့ အိုဗီဒီယို ဂုဇ်မန်း ပြန်လွှတ်ပေးပြီး ပြန်လည် တပ်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။

မူးယစ်ရာဇာ အယ်လ်ချာပိုကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လက အမေရိကန်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအပြင် ထပ်တိုး ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခံခဲ့ရပါတယ်။

အသက် ၆၂ နှစ်ရှိ အယ်လ်ချာပိုကတော့ မူးယစ်ကုန်သွယ်မှု၊ ငွေကြေးခဝါချမှု တို့အပါအဝင် ပြစ်မှုပေါင်း ၁၀ ခုနဲ့ အပြစ်ရှိကြောင်း နယူးယော့ခ် တရားရုံးတစ်ခုက စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

၎င်းဟာ လွန်ခဲ့တဲ့ ၂၀၁၅ တုန်းက မက္ကဆီကို အကျဉ်းထောင်တစ်ခုကနေ လှိုဏ်ခေါင်းတူးကာ ထွက်ပြေးလွတ်မြောက်ထားခဲ့ဖူးပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ပြန်အဖမ်းခံခဲ့ရပါတယ်။ ယင်းနောက် ၂၀၁၇ မှာ ၎င်းကို အမေရိကန်ဆီ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

၎င်းကတော့ အမေရိကန်ဆီ မူးယစ်ဆေးတွေ အများဆုံး တင်ပို့နေခဲ့တဲ့ ဆီနာလိုအာ ဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly