Food Court တည်ဆောက်မှုစုံစမ်းစစ်ဆေးရေးအစီရင်ခံစာ ကြန့်ကြာနေမှုအတွက် အတိုင်ပင်ခံရုံးနှင့် သမ္မတရုံးသို့ စာပို့တောင်းဆို

Food Court တည်ဆောက်မှုစုံစမ်းစစ်ဆေးရေးအစီရင်ခံစာ ကြန့်ကြာနေမှုအတွက် အတိုင်ပင်ခံရုံးနှင့် သမ္မတရုံးသို့ စာပို့တောင်းဆို

မန္တလေး အောက်တိုဘာ ၁၈။            ။ မန္တလေးတက္ကသိုလ်အတွင်း Food Court တည်ဆောက်မှုအတွက် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအား သမ္မတရုံးသို့ပေးပို့ရန် ကြန့်ကြာနေမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့်နိုင်ငံတော်သမ္မတရုံးထံသို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်မှောက်ကော်မတီက အောက်တိုဘာလ ၁၈ ရက် နံနက်ပိုင်းက စာပေးပို့ တောင်းဆိုလိုက်သည်ဟု မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂသပိတ် မှောက်ကော်မတီမှ ကိုရန်စိုးပိုင်ကပြောသည်။

"နိုင်ငံတော် အတိုင်ပင်ခံရုံးနဲ့ နိုင်ငံတော် သမ္မတရုံးကို ဒီနေ့ပဲ ကျွန်တော်တို့ စာပို့မယ်။ဒီလိုမျိုး ကြန့်ကြာ နေတာနဲ့ပတ်သက်ပြီးတော့ သူတို့ ဝန်ကြီးဌာနအနေနဲ့ နှစ်လနီးပါး ကြာတဲ့အချိန်အထိ စုံစမ်းစစ်ဆေး ရေးပြီးတဲ့အချိန်ထိ ရီပို့ မတင်နိုင်သေးတဲ့ကိစ္စအပေါ်မှာ ကျွန်တော်တို့ကနေပြီးနိုင်ငံတော်အတိုင်ပင်ခံ ရုံးနဲ့သမ္မတရုံးတို့ကနေ အမြန်ဆုံးဖြေရှင်းပေးဖို့ အမြန်ဆုံးဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ စာပို့တောင်း ဆိုသွားမှာဖြစ်ပါတယ်။"ဟု ကိုရန်ပိုင်းစိုးကပြောသည်။

နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အား ချိုးဖောက်၍ မန္တလေးတက္ကသိုလ်အတွင်း Food Court တည် ဆောက်မှုကိုဖြေရှင်းပေးရန်တိုင်ကြားမှုအတွက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုအဆင့် ဒုဝန်ကြီး ပါဝင်သည့် စစ်ဆေးရေးအဖွဲ့ဖြင့် စက်တင်ဘာလ ၇ ရက်နေ့က စတင်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယခု စစ်ဆေးမှုများပြီးစီးသော်လည်း အစီရင်ခံစာပေးပို့ရန် ကြန့်ကြာမှုများဖြစ်နေခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါကိစ္စ၌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဒုဝန်ကြီးတို့၏ ပြောဆိုမှုများမှာလည်း ကွဲလွဲမှုများရှိနေကြောင်း မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်မှောက်ကော်မတီမှ သိရသည်။

"ဒေါက်တာမျိုးသိမ်းကြီးနဲ့လည်း တိုက်ရိုက် ဖုန်းပြောရတယ်။အဲဒီမှာ ဒေါက်တာမျိုးသိမ်းကြီးပြောတာ ကတော့ ရီပို့ကအောက်တိုဘာ ဒုတိယအပတ်ထဲကတင်ခဲ့ပြီးပြီလို့ပြောခဲ့တယ်။အဲဒီတော့ ဦးဝင်းမော် ထွန်းကကျတော့ တရားဝင်တင်ထားခဲ့ခြင်း မရှိခဲ့ဘူးလို့ပြောခဲ့ပြီးတော့ ဒေါက်တာမျိုးသိမ်းကြီးက ကျတော့ ရီပို့ တင်ပြီးပြီလို့ ပြောတဲ့ အခါကျတော့သူတို့ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးတို့ စကား ကွဲလွဲမှုတွေ ရှိနေတာကို ကျွန်မတို့တွေ့ရတယ်။စကားရှေ့နောက် မညီတာလည်း တွေ့ရတယ်။"ဟု မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်မှောက်ကော်မတီမှ မယမင်းသူ က ပြောသည်။

ထိုသို့ အစီရင်ခံစာတင်ရန်ကြန့်ကြာနေမှုနှင့်ပြည်ထောင်စုဝန်ကြီးနှင့်ဒုဝန်ကြီးတို့၏ ပြောစကားများ ကွဲလွဲနေခြင်းအတွက် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂသပိတ်မှောက်ကော်မတီမှ (ယနေ့) အောက်တိုဘာလ ၁၈ ရက် နံနက် ၁၀ နာရီက မန္တလေးတက္ကသိုလ်ပင်မဆောင်ရှေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

"သူတို့ သမ္မတရုံးကို တင်ထားတဲ့ကိစ္စကို ကျွန်မတို့ သတင်းစာရှင်းလင်းပွဲမှာ ဒီနေ့လုပ်တဲ့အခါမှာ ထည့် မပြောဖို့ကျွန်မတို့ကို ပိတ်ပင်ခဲ့တယ်။ကျွန်မတို့ကကျတော့လည်း ဒီကိစ္စဟာ အရေးကြီးကိစ္စ ဖြစ်တယ်။ ကျွန်မတို့သပိတ်အတွက် အသက်လိုအရေးကြီးတဲ့ ရီပို့ဖြစ်တယ်။အဲဒီတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန် မတို့က ပြောကိုပြောရမယ်။ အဲဒါကို ဒေါက်တာမျိုးသိမ်းကြီးကနေပြီးတော့စုံစမ်း စစ်ဆေးမှု သုံးခါ ပြု လုပ်တဲ့ကိစ္စကိုပဲ သတင်းစာရှင်းလင်းပွဲမှာ ပြောပြီးတော့သမ္မတရုံးကိုရီပို့တင်တဲ့ ကိစ္စကို သတင်းစာ ရှင်းလင်းပွဲမှာမပြောပါနဲ့လို့ ပိတ်ပင်ခဲ့တယ်။ဒါဟာကျွန်မတို့ အခွင့်အရေးကို ပိတ်ပင်တာလို့ ယူဆ တယ်”ဟု မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂသပိတ်မှောက်ကော်မတီမှ မယမင်းသူက ပြောသည်။
ထို့အပြင် ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်းမှလည်း သတင်းစာရှင်းလင်းပွဲတွင် စုံစမ်းစစ်ဆေးရေး သုံးခါ ပြုလုပ်ခဲ့သည့်ကိစ္စမှအပ ကျန်သည့်ကိစ္စများကို မပြောရန်ပိတ်ပင်ခဲ့ကြောင်းသိရသည်။

“Food Court ဆောက်ရခြင်းတင်ဒါမခေါ်တဲ့အတွက်ကြောင့် ကျွန်မတို့ တက္ကသိုလ်အတွက်ရော ကျောင်းသားကျောင်းသူတွေ အတွက်ရောနိုင်ငံတော်အတွက်ပါ ဆုံးရှုံးနစ်နာမှုရှိစေတယ်လို့ ကျွန်မတို့အားလုံး ယူဆတယ်။ကျောင်းသား ကျောင်းသူအားလုံးရော ညီနောင်သမဂ္ဂတွေ အားလုံး ကရောယူဆတယ်။ဒါပေမယ့် ဝန်ကြီးကိုယ်တိုင်ကကျ နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှု မရှိခဲ့ဘူး ဆိုပြီးတော့ သူအနေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာပါပြီးတော့ မပြောသင့်တဲ့စကားတစ်ခုကို ပြောခဲ့ တယ်။"ဟု မယမင်းသူက ပြောသည်။

ထို့ကြောင့် အစီရင်ခံစာနှင့်ပတ်သက်၍ ပိတ်ပင်ခဲ့မှုအပေါ် ရှုံ့ချကြောင်းနှင့် စုံစမ်းစစ်ဆေးမှုတွေ့ရှိချက် များကိုအချိန်နှင့်တပြေးညီသတင်းများ ထုတ်ပြန်ပေးမည်ဟုဆိုသော်လည်း ပညာရေးဝန်ကြီးဌာန အနေဖြင့်သတင်းထုတ်ပြန်ပေးရန် ပျက်ကွက်မှုများရှိခဲ့သည်ဟု မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ သပိတ်မှောက်ကော်မတီက ဆိုသည်။

ထို့ကြောင့် အစီရင်ခံစာတင်ရန်ကြန့်ကြာနေမှုကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်ရန် နိုင်ငံတော်အတိုင် ပင်ခံရုံးနှင့်သမ္မတရုံးထံ စာပေးပို့တောင်းဆိုထားပြီး အကြောင်းတစ်စုံတစ်ရာ ပြန်ကြားလာမှုမရှိပါက
မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်မှောက်ကော်မတီအနေဖြင့် ဆက်လက် တောင်းဆို မှုများ ပြုလုပ်သွားမည်ဟု ၎င်းတို့ကဆိုသည်။

မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်မှောက်ကော်မတီအနေဖြင့် Food Court ဆောက်လုပ်မှုနှင့် ပတ်သက်၍ သပိတ်မှောက်မှုကို စက်တင်ဘာလ ၉ ရက်နေ့က ရပ်နားထားခြင်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly