ထရမ့်နဲ့ စကားများပြီး အိမ်ဖြူတော် အစည်းအဝေးကနေ ဒီမိုကရက်တစ်တွေ ရုတ်တရက် ထွက်ခွာ

ထရမ့်နဲ့ စကားများပြီး အိမ်ဖြူတော် အစည်းအဝေးကနေ ဒီမိုကရက်တစ်တွေ ရုတ်တရက် ထွက်ခွာ

အောက်တိုဘာ ၁၇ ။        ။ ဆီးရီးယား အရေး မူဝါဒကိစ္စနဲ့ပတ်သက်လို့ အောက်တိုဘာ ၁၆ ရက်က အိမ်ဖြူတော်မှာ အစည်းအဝေးတစ်ခု လုပ်ဆောင်ခဲ့စဉ် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ် ထိပ်တန်းအမတ်တွေအကြား အပြန်အလှန် အချင်းများခဲ့ကြတယ်လို့ သိရပါတယ်။

ယင်းအတွက်ကြောင့်ပဲ ဒီမိုကရက်တစ်အုပ်စုဟာ အစည်းအဝေးကနေ ရုတ်တရက် ထွက်ခွာသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ယင်း အိမ်ဖြူတော် အစည်းအဝေးမှာ သမ္မတ ထရမ့်က အောက်လွှတ်တော် ဥက္ကဌ ဒီမိုကရက် နန်စီ ပလိုစီ ကို တတိယတန်းစား နိုင်ငံရေးသမားဆိုပြီး တိုက်ခိုက်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ယင်းအစည်းအဝေးမှာ ထရမ့်ဘက်က မိမိတို့ အုပ်စုအပေါ် ရင့်ရင့်သီးသီး တိုက်ခိုက်ပြောဆိုခဲ့ကြောင်း ယင်းအစည်းအဝေးမှာ ပါဝင်တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ် တစ်ဦးဖြစ်တဲ့ ဆိနိတ် လူနည်းစု ခေါင်းဆောင် ချက်ခ် ရှုးမားက ပြောပါတယ်။

ဒီမိုကရက်တစ်အုပ်စု ခေါင်းဆောင် ပလိုစီကလည်း ထရမ့်ဟာ လက်ရှိမှာ ပြိုလဲမှုနဲ့ ကြုံတွေ့ခံစားနေရပြီဆိုပြီး ပြန်လည်တုန့်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ပြီးခဲ့တဲ့လက ထရမ့်အပေါ် စွပ်စွဲပြစ်တင် စုံစမ်းမှုတစ်ခုကို နန်စီ ပလိုစီဘက်က စတင်လုပ်ဆောင်ခဲ့ပြီးနောက် သူမနဲ့ သမ္မတ ထရမ့်အကြား ဆက်ဆံရေးဟာ ပိုမို တင်းမာသထက် တင်းမာလာနေတာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly