ခါးပတ်နှင့်လမ်းကြောင့် တရုတ်မယားလုပ်ခိုင်းရန် မြန်မာမိန်းကလေးများကို ပိုမိုအလိုရှိလာနိုင်

ခါးပတ်နှင့်လမ်းကြောင့် တရုတ်မယားလုပ်ခိုင်းရန် မြန်မာမိန်းကလေးများကို ပိုမိုအလိုရှိလာနိုင်
ရှမ်းပြည်နယ်ဇာတိ အသက် ၁၇ နှစ်အရွယ်မိန်းကလေးတစ်ဦးကို တရုတ်ပြည်သို့ ၎င်းရောင်းစားခံရစဉ်က ရခဲ့သည့်ကိုယ်ဝန်မှမွေးသော ကလေးငယ်နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ - မင်းဇေယျာဦး)

တရုတ်၏ ‘တစ်အိမ်ထောင် ကလေးတစ်ယောက်’ မူကြောင့် တရုတ်မယားလုပ်ရန် လူကုန်ကူးမှုကို ဖြစ်ပွားစေခဲ့ရာ ယခု ပေကျင်း၏ အဓိကမူဝါဒများက ထိုလူကုန်ကူးမှုကို ပိုမိုဆိုးရွားစေနိုင်လိမ့်မည်ဟု ဆိုကြသည်။

ဆိုင်းစင် မနက်အိပ်ယာကနိုးလာသည့်အချိန်တွင် ခုတင်ပေါ်တွင် သူစိမ်းယောကျ်ားတစ်ဦးထိုင်လျက်ရှိသည်ကို တွေ့လိုက်ရသည်။ ထိုယောကျ်ားသည် သူသတိရလာသည်ကို စောင့်ကြည့်နေဟန်တူသည်။

ထိုယောကျ်ားက သူသည် ဆိုင်းစင်ပူပူနွေးနွေး ခင်ပွန်းဖြစ်ကြောင်း၊ သူ့အမေက သူတို့နှစ်ယောက်အတွက် ညစာကို အောက်ထပ်တွင် ပြင်ဆင်နေကြောင်းပြောသည်။ ထိုအချိန်က အသက် ၁၇ နှစ်သာရှိသေးသော ဆိုင်းစင်သည် တရုတ်ပြည်၏ ကြီးမားဆိုးရွားသော ပြဿနာဖြစ်သည့် တရုတ်မယားလုပ်ရန် လူကုန်ကူးသည့် မှောင်ခိုလောကသို့ ရောင်းချခြင်းခံလိုက်ရခြင်းဖြစ်သည်။

ဆိုင်းစင်သည် ၂၀၁၄ ခုနှစ်တွင် ကချင်ပြည်နယ်မှ တရုတ်ဘက်ခြမ်း ယူနန်ပြည်နယ်သို့ အလုပ်လုပ်ကိုင်ရန် ရောက်ရှိလာခဲ့သည်။ သို့သော် သူနှင့် သူ့သူငယ်ချင်းကို တရုတ်ပြည်သို့ ခေါ်လာခဲ့သော ပွဲစားတွင်မူ တခြားသော အကြံအစည်များ ရှိနေပါသည်။

သူစိမ်းယောကျ်ား၏ အိမ်သို့မရောက်ခင် တစ်ညအလိုတွင် ထိုပွဲစားက သူတို့နှစ်ဦးအား အလုပ်မလုပ်ဘဲ တရုတ်ယောကျ်ားများနှင့်ယူဖို့ ဖြားယောင်းသည်။ နှစ်ဦးစလုံး သဘောမတူ ငြင်းဆန်၍ ရန်ပွဲဖြစ်ခဲ့ရသည်။

သဘောမတူသောကြောင့် သူတို့နှစ်ဦး၏ အစားအစာတွင် အိပ်ဆေးများခပ်ပြီး သတိမေ့အိပ်ပျော်နေချိန်တွင် မယားအဖြစ်ရောင်းစားခဲ့သည်ဟု သူက နောက်ပိုင်းတွင် သုံးသပ်မိသည်ဟု ဆိုသည်။

“အဲဒီညက ကျွန်မတို့နှစ်ယောက်စလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြတာ။ နိုးလာတော့ တရုတ် ယောကျ်ားတစ်ယောက်က ဘေးမှာ ထိုင်နေတာ။ အခန်းကလည်း အရင်နေနေကျ အခန်းမဟုတ်ဘူး” ဟု သူက Myanmar Now ကို ပြောပြသည်။

ထိုအချိန်မှစ၍ သူ့ကို အိမ်ပြင်ထွက်ခွင့် မပေးတော့ပါ။ တရုတ်ပြည်၏ မည်သည့်နေရာတွင် သူရောက်ရှိနေမှန်းပင် သူမသိခဲ့ရပါ။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မြန်မာပြည်မှ ထောင်နှင့်ချီသော အမျိုးသမီးများသည် ဆင်းရဲတွင်းမှ လွတ်မြောက်ရန်ရည်မှန်းချက်ဖြင့် နယ်စပ်ကိုဖြတ်၍ အလုပ်အကိုင် ရှာဖွေကြရာ တရုတ်ယောက်ျားများနှင့် အဓမ္မ ပေးစားခံကြရသည်။ ဆိုင်းစင်သည်လည်း ထိုအမျိုးသမီးများထဲ တစ်ယောက်အပါအဝင်ဖြစ်သည်။

သို့သော်လည်း လူကုန်ကူးမှုတရားခံအများစုသည် အဖမ်းဆီးမခံကြရဘဲ လွတ်မြောက်လျက် ရှိပြီး လူကုန်ကူးမှုအနည်းငယ်ကိုသာ နှစ်ဖက်နယ်စပ်မှ အာဏာပိုင်များက တားဆီးနိုင်ခဲ့သည်။

တရုတ်ပြည်တွင် ယခင်ကကျင့်သုံးခဲ့သော တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒကြောင့် ယခုလျှင် တရုတ် အမျိုးသားဦးရေပေါင်း ၃၄ သန်းခန့် ပိုလျှံနေရာ အိမ်နီးနားချင်း ဆင်းရဲသော နိုင်ငံများမှ အမျိုးသမီးများကို လူကုန်ကူးမှုများ မြင့်တက်လာခဲ့သည်။ ထို့အပြင် ယခု ပေကျင်း၏ လက်ရှိ အဓိကလုပ်ငန်းမူဝါဒများသည် ထိုဆိုးရွားသော လူကုန်ကူးမှုကို မီးလောင်ရာလေပင့်ဖြစ်စေမည်ဟု ပညာရှင်များ တက်ကြွ လှုပ်ရှားသူများက စိုးရိမ်နေကြသည်။

ခါးပတ်လမ်း (ခေတ်သစ်ပိုးလမ်းမ) စီမံကိန်းသည် ကမ္ဘာတစ်ဝန်းတွင် အခြေခံအဆောက်အအုံအသစ်များ ဆောက်လုပ်ရန် လျာထားသော ရည်မှန်းချက်ကြီးသည့် စီမံကိန်းဖြစ်သည့်အလျောက် နယ်စပ်တွင် ဆောက်လုပ်ရေး လုပ်ငန်းအများအပြား ဖြစ်ထွန်းလာစေရာ ရွှေ့ပြောင်းလုပ်သားများကို လက်ယပ်ခေါ်သကဲ့သို့ဖြစ်ပြီး ထိုလုပ်သားများအပေါ် ခေါင်းပုံဖြတ်စရာလည်း ဖြစ်ပေါ်လာခဲ့သည်။

ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များရရှိရန် ခက်ခဲသော်လည်း ခါးပတ်လမ်းစီမံကိန်းနှင့် လူကုန်ကူးမှု ဆက်စက်မှုရှိကြောင်း စိုးရိမ်စေသည့် အကြောင်းပြချက်များရှိသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch) ၏ အမျိုးသမီးအခွင့်အရေး ဌာနမှ ပူးတွဲဒါရိုက်တာ ဟယ်သာ ဘားရ် (Heather Barr) က ပြောသည်။

မြန်မာကနေ တရုတ်ကို မယားလုပ်ခိုင်းဖို့ လူကုန်ကူးတာတွေ၊ တခြားနေရာက လူကုန်ကူးမှုတွေကို ကျွန်မတို့ လေ့လာစုံစမ်းရသလောက်ကို အခြေခံပြီး ပြောရမယ်ဆိုရင် လူကုန်ကူးမှုနှင့် ခါးပတ်လမ်းစီမံကိန်းကြားမှာ ဆက်စက်မှုရှိတယ်ဆိုတာ ဖြစ်နိုင်ပါတယ်” ဟု ဘားရ်က Myanmar Now ကို ပြောသည်။

“တရုတ်ပြည်မှာ ဇနီးမယားတွေ အများအပြားလိုအပ်နေတာကို ထောက်ရှုရင် ခါးပတ်နှင့်လမ်း စီမံကိန်းကနေ ပွားစီးလာတဲ့ လုပ်ငန်းအသစ်တွေထဲမှာ လူကုန်ကူးမှုဟာလည်း တစ်ခုအပါအဝင် ဖြစ်တယ်ဆိုတာက အံ့ဩစရာတော့ မဟုတ်ပါဘူး” ဟု သူကဆိုသည်။

ခါးပတ်နှင့်လမ်း စီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် မြန်မာနှင့် တရုတ်ကြားတွင် စီးပွားရေး စင်္ကြံကြီး ဖောက်ရန် သဘောတူညီထားပြီးဖြစ်သည်။ ထိုစီမံကိန်းတွင် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ပြည်ပကုန်သွယ်ရေးလမ်းကြောင်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့်၊ တရုတ်ပြည်ရှိ ရွှေလီနှင့် နယ်စပ်ချင်းကပ်နေသည့် မူဆယ်မြို့တွင် အထူး စီးပွားရေးဇုန်တစ်ခု တည်ထောင်ရန်လည်းပါဝင်သည်။ ထို့အပြင် မန္တလေးနှင့် တရုတ်ပြည်ကို ဆက်သွယ်သည့် အမြန်ရထားလမ်းတစ်လမ်း ဖောက်လုပ်ရန်လည်း စီစဉ်နေကြပြီဖြစ်သည်။

ဆောက်လုပ်ရေးလုပ်ငန်းများ တိုးပွားလားခြင်းကြောင့် မိန်းမရှာနေသည့် တရုတ်အမျိုးသား အလုပ်သမားများ နယ်စပ်တွင် ပိုမိုရောက်ရှိလာမည်ဖြစ်ပြီး ရွှေ့ပြောင်း အလုပ်သမများလည်း ထိုတရုတ် အမျိုးသားများရှိသော နယ်စပ်ဒေသတွင် အလုပ်လုပ်ကိုင်ရန် အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်သည်ဟု လူကုန်ကူးခံရသူများကို ကူညီကယ်တင်သူ ကချင်အမျိုးသမီး ခွန်ဂျာက ပြောသည်။

ထိုဖြစ်စဉ်က လူကုန်ကူးသူများကို အခွင့်အလမ်းပေးသလိုဖြစ်နေသည်ဟု ၎င်းက ဆိုသည်။

အဲဒီမှာရောက်နေတဲ့ ဆောက်လုပ်ရေးလုပ်သားတော်တော်များများက မိန်းမ မရှိကြဘူး။ ဒါမှမဟုတ် သူတို့အိမ်မှာ ကျန်ခဲ့တဲ့ မယားတွေ ရှိကောင်းရှိနိုင်ပေမယ့် နယ်စပ်ကိုတော့ မယားတွေကို ခေါ်မလာကြဘူးဟု ခွန်ဂျာက Myanmar Now ကို ပြောပြသည်။

နောက်တစ်ခုက အဲဒီနေရာတွေမှာ အလုပ်သမားတွေ အများကြီးရောက်လာတဲ့အခါ အသေးစား လုပ်ငန်းတွေလဲ မှိုလိုပေါက်လာတာပဲ။ အဲဒီလိုလုပ်ငန်းမျိုးတွေက သန့်ရှင်းရေးလုပ်ဖို့၊ စားသောက်ဆိုင်တွေမှာ စားပွဲထိုးလုပ်ဖို့ အမျိုးသမီးတွေကို လိုအပ်လာတော့ ဒါတွေကလည်း အကြောင်းရင်းခံတွေ ဖြစ်လာတာပဲ” ဟု သူက ဆက်ပြောသည်။

ဆိုင်းစင်နှင့် သူငယ်ချင်း အပြင် ကောင်လေးတစ်ဦးသည်လည်း စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်ရမည်ဟုဆိုကာ တရုတ်ပြည်သို့ ဖြားယောင်းခေါ်ယူခြင်း ခံခဲ့ရသည်။ ပွဲစားများရောက်လာချိန်တွင် သူတို့သုံးဦးသည် မြစ်ကြီးနားရှိ စစ်ရှောင်စခန်းတစ်လုံးတွင် ရှိနေချိန်ဖြစ်သည်။

နယ်စပ်ကို ကျော်ဖြတ်ပြီးသောအခါ ကောင်လေးကို ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်သွင်းရန် ခေါ်သွားပြီး ဆိုင်းစင်နှင့် သူငယ်ချင်းမှာမူ ပွဲစား၏ တိုက်ခန်းရှိ အခန်းတစ်ခန်းတွင် သော့ခတ်ခံထားရသည်။

ထို့နောက် စားသောက်ဆိုင်ကို ရဲများက ဝင်ရှာသွားသောကြောင့် ထိုအလုပ်မရှိတော့ဟု သူတို့နှစ်ဦးအား ပြောလာသည်။

တရုတ်အမျိုးသားတွေကို လက်ထပ်ရင် လက်ဝတ်ရတနာတွေ ဆင်ပေးမယ်ဆိုပြီးတော့တောင် သူတို့က ဖြားယောင်းသေးတယ်” ဟု သူကပြန်ပြောင်းပြောပြသည်။

တော်တော်များများက အိမ်ပြန်မရောက်ကြဘူး

ဆိုင်းစင်၏ ဖြစ်စဉ်က ထူးခြားဆန်းပြားသည်တော့ မဟုတ်ပါ။ တရုတ်ပြည်သို့ သွားသော ကချင် အမျိုးသမီးများ အတွက် လူကုန်ကူးမှုခံရရန် အခွင့်အလမ်းမှာ အတော်ပင် များပြားသည်။ တရုတ်ပြည်တွင် လက်ရှိနေထိုင်လျက်ရှိသော ကချင်အမျိုးသမီးများ၏ ၃၇ ရာခိုင်နှုန်းသည် အဓမ္မလက်ထပ်ထိမ်းမြားခြင်း ခံရသူများဖြစ်သည်ဟု လူထုကျန်းမာရေးကျောင်း တစ်ကျောင်းဖြစ်သော Johns Hopkins Bloomberg School of Public Health က ယမန်နှစ်အတွင်း ပြုလုပ်ခဲ့သော သုတေသနတစ်ခုတွင် ခန့်မှန်းထားသည်။

ထိုသုတေသနက အတင်းအဓမ္မ ပေးစားခံရသော လူကုန်ကူးမှုသားကောင် မြန်မာအမျိုးသမီးပေါင်း ၂၀၁၇ ခုနှစ်အတွင်း ယူနန်ပြည်နယ်တွင် ၅,၆၀၀ ကျော်ရှိသည်ဟု ခန့်မှန်းထားသည်။ သို့သော် ထိုနှစ်အတွင်း ကချင်ပြည်နယ်ရှိ ရဲများက ဖမ်းဆီးလိုက်နိုင်သော လူကုန်ကူးမှုပေါင်းမှာ ၁၈ မှုသာရှိသည်။

လူကုန်ကူးမှုခံရတဲ့ အမျိုးသမီးတော်တော်များများက ဘယ်တော့မှ အိမ်ကို ပြန်မရောက်လာကြတော့ပါဘူးဟု ဘားရ် က ပြောသည်။ ထို့ကြောင့်ပင် ထိုအမှုများသည် အစိုးရထံတွင် စာရင်းမပေါက်ဘဲ ပျောက်ဆုံးသွားရသည်။

ထိုသို့ အန္တရာယ်များရှိနေသော်လည်း ဆင်းရဲမွဲတေမှုများ၊ စစ်ဘေးဒုက္ခဒဏ်များ၊ ချွတ်ခြုံကျမှုများကြောင့် ကချင်ပြည်နယ်သူပြည်နယ်သားများအတွက် တရုတ်ပြည်သို့သွား၍ အလုပ်လုပ်ရန်မှ လွဲပြီး အခြားရွေးချယ်စရာ သိပ်မရှိပါဟု ဖုန်ရမ်က ပြောသည်။ ဖုန်ရမ်သည် မြစ်ကြီးနားမြို့အနီး ပြည်တွင်း စစ်ရှောင်သူများအတွက် ဖွင့်ထားသည့် Takhone Church of Christ စစ်ရှောင်စခန်း၏ ညှိနှိုင်းရေးမှူးတစ်ဦးဖြစ်သည်။

ထိုစခန်းရှိ ခိုလှုံသူအများစုသည် ပြည်နယ်၏ အရှေ့မြောက်အပိုင်းမှ လွန်ခဲ့သော ရှစ်နှစ်က ထွက်ပြေးလာကြသူများဖြစ်သည်။

ကျွန်တော်တို့ရွာတွေ အကုန်လုံး မီးလောင်ပျက်စီးသွားတော့ အိပ်ရာခင်းနဲ့ အဝတ်အစားနည်းနည်းကလွဲပြီး ဘာမှ မယူလာနိုင်ခဲ့ပါဘူး။ အရပ်သားတွေ အားလုံး ထွက်ပြေးခဲ့ကြရတာပဲဟု သူက Myanmar Now ကို ပြောသည်။

နယ်စပ်ကို ဖြတ်ရန်မှာ အကုန်အကျမများသည့်အပြင် စခန်းရှိ လူအများစုသည် ထွက်ပေါက်တစ်ခုရရန် အာသီသပြင်းပြနေကြသည်ဟု သူကဆိုသည်။

တရုတ်ပြည်မှာ အလုပ်သွားလုပ်ရင် အန္တရာယ်ရှိတယ်ဆိုတာ သူတို့လဲ ကြားကြပါတယ်။ ဒါပေမဲ့ တခြားမှာ အလုပ်ရဖို့ မရှိတော့ သူတို့တွေ စွန့်စားပြီး သွားကြတာပဲဟု သူက ဆက်ပြောသည်။

မြန်မာစစ်သားများ အဓမ္မမြေသိမ်းဆည်းမှုများကြောင့် နယ်ခံတို့၏ အခက်အခဲကို ပိုမိုဆိုးရွားစေသည်ဟု ထိုင်းနိုင်ငံ ကချင်အမျိုးသမီး အဖွဲ့အစည်း၏ အထွေထွေ အတွင်းရေးမှူး မွန်းနေလီ ကပြောသည်။

စစ်တပ်က စစ်တန်းလျားတွေဆောက်ဖို့ နယ်ခံတွေဆီက မြေတွေ သိမ်းယူပါတယ်” ဟုသူက ပြောသည်။

အချို့သော အခြေအနေများတွင် စစ်ရှောင် ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများက ကူညီထောက်ပံ့မှုများမလုပ်နိုင်အောင် အစိုးရက တားဆီးပိတ်ပင်ခဲ့သည်။

လူလည်ကျခြင်း

ကချင်ပြည်နယ်ရှိ လူကုန်ကူးအဖွဲ့အစည်းများသည် အမျိုးသမီးများကို ဖြားယောင်းသွေးဆောင်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသည်။

လူကုန်ကူးသူများမှ အချို့သည် ခင်ပွန်းလောင်းအဖြစ်ဟန်ဆောင်ကာ ကချင်သမီးပျိုများကို လက်ထပ်ပြီး တရုတ်ပြည်သို့ ခေါ်ယူရန် မင်္ဂလာကြေးကြီးကြီး ပေးမည်ဟု ကမ်းလှမ်းကြသည်။ ထိုမင်္ဂလာမောင်နှံ နယ်စပ်ကို ကျော်ဖြတ်ပြီးသည့် အချိန်တွင်မူ လူကုန်ကူးသူက အမျိုးသမီးဖြစ်သူကို အခြားသူနှင့် အဓမ္မလက်ထပ်ထိမ်းမြားရန် ရောင်းစားမည်ဖြစ်သည်။

ထုံးတမ်းအစဉ်အလာအရ ကချင်လူမျိုးတွေဟာ မင်္ဂလာကြေးများများရတာကို အလွန်ဂုဏ်ယူကြတာဟု ကချင်အမျိုးသမီးများအဖွဲ့အစည်း ဒါရိုက်တာ လမုန်ခေါင်ကပြောသည်။

ထို့အပြင် လူကုန်ကူးသူပွဲစားများသည် ဒေသတွင်းခေါင်းဆောင်များထံချဉ်းကပ်ပြီး နယ်စပ်အကျော်တွင် အလုပ်အကိုင်များ ရရှိနိုင်သည်ဟု ကောလာဟလများဖြန့်ကာ နယ်ခံများအား ချဉ်းကပ်သွေးဆောင်ကြသည်ဟု သူကဆိုသည်။

ဆိုင်းစင်သည် မူလက အထက်တန်းအောင်လျှင် တရုတ်သို့သွား၍ အလုပ်လုပ်ငွေစုဖို့ မျှော်လင့်ခဲ့သူဖြစ်သော်လည်း မထင်မှတ်ဘဲ လူကုန်ကူးခံခဲ့ရသည် (ဓာတ်ပုံ - Graeme Acres/Myanmar Now)

တစ်ခုသော အဖြစ်အပျက်တွင် ပွဲစားများသည် နယ်ခံသီလရှင်များကို စည်းရုံးပြီး ရွာသားများကို တရုတ်ပြည်တွင် အလုပ်သွားလုပ်ရန် ဟောပြောခိုင်းသည်။ ထိုသို့ အလုပ်သွားလုပ်သော လူများသည် လူကုန်ကူးခြင်း ခံကြရသည်။

သူတို့ကို ဒီကို ပြန်ခေါ်ယူနိုင်ဖို့ နှစ်ပေါင်းများစွာ ကြာခဲ့ရတယ်။ သီလရှင်တွေကိုလည်း လူဝတ်လဲခိုင်းလိုက်ရတယ်ဟု လမုန်ခေါင်ကဆိုသည်။

လူကုန်ကူးခံရသူအများအပြားရှိသည့်အနက် အနည်းအကျဉ်းကိုသာ ကယ်တင်နိုင်ခဲ့ခြင်း၏ အကြောင်းအရင်းတစ်ခုမှာ မြန်မာအာဏာပိုင်များ၊ တရုတ်အာဏာပိုင်များနှင့် ကချင်ပြည်နယ် ဒေသအတော်များများကို ချုပ်ကိုင်ထားသော ကေအိုင်အေတို့ချင်း ပူးပေါင်းလုပ်ဆောင်မှုအားနည်းသောကြောင့်ဖြစ်သည်။

ထိရောက်တဲ့ စုံစမ်းစစ်ရေးကို နယ်စပ်တစ်ဖက်ကပဲ လုပ်နေလို့မရပါဘူး။ ဒီလိုအမှုတစ်ခုချင်းစီမှာ နယ်စပ်ခြားတရားဥပဒေအရာရှိတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေလိုအပ်ပါတယ်၊ ဒါပေမဲ့ ဒီလိုပူးပေါင်းစုံစမ်းမှုတွေက မရှိသလောက်ပါပဲ” ဟု မစ္စဘားရ်ကပြောသည်။

မြန်မာပြည်ထဲရေးဝန်ကြီးဌာနရှိ တာဝန်ပုဂ္ဂိုလ်များ၊ ရဲအရာရှိများနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့ဝင်များအားလုံး ဤဆောင်းပါးအတွက် မှတ်ချက်ပေးရန် ငြင်းဆန်ကြသည်။

ယူနန်ပြည်နယ် လူထုလုံခြုံရေးဌာနကမူ Myanmar Now အားစာဖြင့်ယခုလိုပြန်လည်ဖြေကြားသည်။

“၂၀၁၇ ခုနှစ်မှစ၍ ယူနန်ပြည်နယ်တွင် မြန်မာလူမျိုးများအပါအဝင် လူကုန်ကူးမှု ၂၅ မှုကို ဖမ်းဆီးနိုင်ခဲ့ပြီး၊ တရားခံဟုယူဆရသူ ၅၇ ဦးကို ဖမ်းဆီးရရှိသည်။ ထို့အပြင် ရာဇဝတ်ဂိုဏ်း ၆ ဂိုဏ်းကို တိုက်ဖျက်နိုင်ခဲ့ပြီး မြန်မာအမျိုးသမီး ၃၃ ဦးကို ကယ်တင်နိုင်ခဲ့သည်။”

ထိုဌာနသည် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်အတွင်း ဟေးလောင်ကျန်း၊ ကျန်းစူနှင့် ဟူနန်ပြည်နယ်များ အပါအဝင် အနယ်နယ်အရပ်ရပ်ရှိ လူကုန်ကူးခံရသူ မြန်မာအမျိုးသမီးနှင့် ကလေးသူငယ်ပေါင်း ၃၃၁ ဦးကို အိမ်ပြန်နိုင်ရန်ကူညီပေးခဲ့သည်ဟု ၎င်းတို့၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ငွေဝယ်မယားဘဝမှ ကယ်တင်သူဖြစ်လာသူ

သို့သော် အခြေအနေအများစုတွင်မူ ကချင်လူမျိုးများသည် မိမိကိုယ်ကိုယ်သာ အားကိုးကြရသည်။

ကချင်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သော Htoi Gender and Development Foundation မှ ဥပဒေရေးရာအကြံပေး ဆာလီထွေက ၎င်း၏ အဖွဲ့အစည်းသည် ၎င်းတို့နှင့် အဆက်အသွယ်ရှိသော လူကုန်ကူးခံရသည့် အမျိုးသမီးများ၏ အသေးစိတ်အချက်အလက်များနှင့် တရုတ်ပြည်ရှိ နေထိုင်ရာ နေရာကိုပါ တရုတ်အာဏာပိုင်များထံ ပေးပို့ခဲ့သော်လည်း တရုတ်ရဲများသည် ထိုသို့ပေးပို့သည့် အခါတိုင်း အရေးယူဆောင်ရွက်ဘဲ တစ်ခါတရံတွင် မေ့မေ့ပျောက်ပျောက်ပင် နေလိုက်ကြသည်ဟု ဆိုသည်။

တရုတ်ရဲတပ်ဖွဲ့က ဘာမှ အရေးယူတာမျိုးမလုပ်တော့ လူကုန်ကူးခံရသူတွေကို ကိုယ့်ဘာသာ ထွက်ပြေးကြဖို့ ပြောရတယ်ဟု သူကဆိုသည်။

စောမ်နူးသည် ၂၀၁၁ ခုနှစ်တွင် အတင်းအဓမ္မ ပေးစားခံထားရသည့် ဘဝမှ လွတ်မြောက်ခဲ့သည်။ ထို့နောက် အာဏာပိုင်များ၏ လျစ်လျူရှုမှုများအပေါ် အားမလိုအားမရဖြစ်ပြီး တရုတ်ပြည်တွင် သူတတ်မြောက်ခဲ့သော တရုတ်ဘာသာစကား ကျွမ်းကျင်မှုကို အသုံးချကာ အမျိုးသမီး ၁၄ ယောက်ကို ကယ်တင်နိုင်ခဲ့သည်။

စောမ်နူးသည် လူကုန်ကူးခံရသူများ၏ သတင်းအစအန ရပါက လိုက်လံစုံစမ်းပြီး ထိုသူများကို ဝယ်ယူခဲ့သည့် မိသားစုနှင့် ရင်းနှီးအောင်ပြုလုပ်ကာ လူကုန်ကူးခံရသူများကို ဆက်သွယ်နိုင်ခဲ့သည်။ ထို့နောက် ထိုအိမ်များမှ လွတ်မြောက်နိုင်ရန် နည်းလမ်းများကို ရှာဖွေပေးခဲ့သည်။

သူကယ်တင်ခဲ့သော လူများထဲမှ တစ်ယောက်သည် နွမ်ရိဖြစ်သည်။ နွမ်ရိသည် ၂၀၀၇ ခုနှစ်တွင် ပွဲစားများ၏ဆေးခပ် ပြန်ပြေးဆွဲခြင်းကို ခံခဲ့ရသည်။ ထိုပွဲစားများသည် နွမ်ရိအား အကြမ်းဖက်မည်ဟု ခြိမ်းခြောက်ကာ တရုတ်နယ်စပ်အစောင့်များအရှေ့တွင် ရူးနေသလို ဟန်ဆောင်ခိုင်းခဲ့သည်။ သို့မှသာ နယ်စပ်အစောင့်များ နွမ်ရိအား မေးခွန်းများမေးခြင်း၊ အချက်အလက်များ စစ်ဆေးခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

စောမ်နူးသည် နွမ်ရိကို ခေါ်ယူထားသော မိသားစုအားလိုက်လံစုံစမ်းခဲ့ပြီး သူသည် နွမ်ရိနှင့် ညီအစ်မတော်သည်ဟု ထိုမိသားစုကို အယုံသွင်းနိုင်ခဲ့သည်။ ထိုမိသားစုသည် စောမ်နူးအား နွမ်ရိထံ လာလည်ရန်ခွင့်ပြုခဲ့ပြီး အချိန်ကြာလာသောအခါ ထွက်ပြေးရန် နွမ်ရိကို စောမ်နူး နားချနိုင်ခဲ့သည်။ သူသည် နွမ်ရိအား ပိုက်ဆံများပေးပြီး အိမ်ပြန်ရောက်နိုင်ရန် လမ်းကြောင်းများ စီစဉ်ပေးခဲ့သည်။

ဆိုင်းစင်လွတ်မြောက်ခဲ့သည်မှာမူ ကံအလွန်ကောင်း၍သာ ဖြစ်သည်။ သူ့ကို ခေါ်ယူထိန်းသိမ်းထားသော အိမ်သည် ခြံစည်းရိုးမြင့်များ ပတ်လည်ကာရန်ထားပြီး ခြံတံခါးမှာလည်း အမြဲသော့ခတ်ထားသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ကချင်အမျိုးသားတစ်ဦးသည် သူတို့နှင့် ခြံချင်းနီးတွင် နေထိုင်လျက်ရှိသည်။ ထိုအမျိုးသားသည် လူကုန်ကူးခံရသော အမျိုးသမီးတစ်ဦး အိမ်နီးဝန်းကျင်တွင် ရောက်ရှိနေသည်ဟု သတင်းရပြီး စုံစမ်းရန် ဆုံးဖြတ်ခဲ့သည်။

တစ်နေ့ကျွန်မ ပန်းခြံထဲလမ်းလျှောက်နေတုန်း ယောက်ျားတစ်ယောက်က ဂျိန်းဖောဘာသာစကားနဲ့ နင်က ကချင်လားလို့အော်မေးတာဟု ဆိုင်းစင်က ပြန်ပြောင်းပြောပြသည်။

အဖြစ်အပျက်များကို ရှင်းပြပြီးသည့်နောက် ထိုကချင်ယောက်ျားက သူ့အား ခြံစည်းရိုးကို ခုန်ကျော်ရန်ပြောသည်။

ပန်းခြံထဲမှာ ပန်းအိုးအလွတ်တွေ အများကြီးရှိတယ်။ အဲဒီပန်းအိုးတွေကို ဆွဲပြီး တစ်အိုးပြီး တစ်အိုးထပ်ပြီး ခြံကို ကျော်ခဲ့တာဟုသူက ဆိုသည်။

ခြံအပြင်သို့ရောက်ပြီးနောက် ကချင်အမျိုးသားသည် သူ့အား ဘတ်စ်ကားဂိတ်သို့ ခေါ်သွားပြီး လက်မှတ်တစ်စောင်ဝယ်ပေးကာ သူ့ကို မြန်မာပြည်သို့ ဘေးကင်းစွာ ပြန်ပို့ပေးရန် ဘတ်စ်ကားမောင်းသူကိုလည်း အကူအညီတောင်းခဲ့သည်။ လမ်းခရီးတွင် လိုအပ်ပါက သုံးစွဲနိုင်ရန် ဆိုင်းစင်အား ယွမ် ၂၀၀ (၂၈ ဒေါ်လာခန့်)ကိုလည်း ပေးခဲ့သေးသည်။

ဆိုင်းစင်စောမ်နူးနှင့် နွမ်ရိ တို့ သုံးဦးစလုံး ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကြောင့် စိတ်ဒဏ်ရာ အမာရွတ်များ ကျန်ရှိနေဆဲဖြစ်သည်။

ဆိုင်းစင်သည် ညအချိန်ရောက်လာပါက အလွန်အမင်းထိတ်လန့်မှုကို ခံစားနေရဆဲဖြစ်သည်။ သူဖမ်းဆီးခံထားရစဉ် အဆိုးရွားဆုံးအချိန်သည် ညအချိန်ဖြစ်ခဲ့သည်။

အိပ်ရာဝင်ရတာ အရမ်းကို စိတ်အဆင်းရဲဆုံးအချိန်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီလူစိမ်းတစ်ယောက်နဲ့ လိင်ဆက်ဆံရမှာ မို့လို့ပဲဟုသူက ပြောသည်။

အခြားလွတ်မြောက်သူများနည်းတူ နွမ်ရိသည် သူ၏ကလေးကို တရုတ်ပြည်တွင် မတတ်သာစွာ ချန်ထားခဲ့ရသည်။ သားလေးသည် သူထွက်ပြေးစဉ်က နှစ်နှစ်သားအရွယ်ရှိပြီး ယခုဆိုလျှင် ၁၀ နှစ်ရှိပြီဖြစ်သည်။

ကျွန်မသားလေးကို အရမ်းလွမ်းတာပဲ။ အထူးအဖြင့် သူနဲ့ရွယ်တူကလေးတွေကို တွေ့ရင်ပိုသတိရတယ်။ ဒါပေမယ့် ကျွန်မသူ့ကို မပိုင်တော့ဘူး။ ကျွန်မအနေနဲ့ ဘာမှ လုပ်လို့မရဘူးသူက ဝမ်းနည်းစွာဆိုသည်။

(ဂရေမ် အေးခက်စ် (Graeme Acres) သည် ဟောင်ကောင်တက္ကသိုလ်၌ ဂျာနယ်လစ်ဇင်နှင့် မီဒီယာဘာသာရပ် တွင် တက်ရောက်သင်ကြားနေသူဖြစ်ပြီး Myanmar Now တွင် ခေတ္တအလုပ်အတွေ့အကြုံယူနေသူဖြစ်သည်။ Veta Chan နှင့် Brandon Johnson တို့ ကူညီရေးသားသည်။ လူကုန်ကူးမှုမှလွတ်မြောက်သူများ၏ အမည်များကို လွှဲထားပါသည်။)

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly