မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်း တာဝန်ရှိသူများကို တရားစွဲဆိုထားမှု တရားလိုအား စစ်ဆေး

မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်း တာဝန်ရှိသူများကို တရားစွဲဆိုထားမှု တရားလိုအား စစ်ဆေး
(ဓာတ်ပုံ - အောင်ကိုဦး / မဇ္ဈိမ )

မန္တလေး၊ အောက်တိုဘာ ၁၆။            ။ မြေနှင့် အခွန်တော်ဥပဒေဖြင့် တရားစွဲဆိုခြင်းခံထားရသည့် မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင် အထက်တန်းကျောင်းမှ တာဝန်ရှိသူများကို အောက်တိုဘာလ ၁၆ ရက် မွန်းလွဲ ၁ နာရီက ပုသိမ်ကြီး မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူအား စစ်ဆေးခဲ့သည်။

၎င်းတို့အား ၁၈၈၉ ခုနှစ် အထက်ဗမာပြည်မြေနှင့်အခွန်တော်ဥပဒေ ပုဒ်မ ၆၉ (၂)အရ ပုသိမ်ကြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကောလိပ်တော်အရာရှိ ဦးညွှန့်လင်းက တရားစွဲဆိုထားခြင်း ဖြစ်သည်။

"ဒီနေ့ တရားလိုဖြစ်သူကို စစ်ဆေးတယ်။ ဒီအဆင့်မှာဆိုရင် တရားစွဲဆိုတဲ့ အချက်မပေါ်ပေါက်တာကို တွေ့ရှိတယ်။ နစ်နာသူ မဟုတ်တဲ့အကြောင်းကို ကျွန်တော့်အနေနဲ့ စစ်ခဲ့တယ်။" ဟု တရားစွဲဆို ခံထား ရသူ ဗိုလ်မှူးသူရရွှေလှ (ငြိမ်း)၏ တရားလွှတ်တော်ရှေ့နေ ဦးဇော်လွင်ဦး က ပြောသည်။

ထို့အပြင် တရားလိုဖြစ်သူကို မမှန်သက်သေတင်သွင်းမှုဖြင့် အရေးယူပေးရန် မြို့နယ်တရားရုံးထံ ဦးတိုက်လျောက်တိုင်တန်းထားပြီး စစ်ဆေးရန်သင့်/မသင့်အား အောက်တိုဘာလ ၃၀ ရက်နေ့တွင် အမိန့်ချသွားမည်ဖြစ်ကြောင်း ဦးဇော်လွင်ဦးက ဆိုသည်။

တရားလို၏ ဦးတိုက်လျှောက်လွှာတွင်ပါသည့် ပုသိမ်ကြီးမြို့နယ်စီမံခန့်ခွဲေရးကော်မတီမှ ဆောင်ရွက် ချက်မှတ်တမ်းဟူသည့် စာတွင် ကာယကံရှင်များ လက်မှတ်ထိုးထားခြင်းမရှိဘဲ သက်သေတင်သည့် အတွက် မမှန်သက်သေတင်သွင်းမှုဖြင့် အရေးယူပေးရေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း တရားစွဲဆို ခံထားရသည့် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ် က ပြောသည်။

အမှုများတွင် မမှန်သက်သေတင်သွင်းမှုများတွေ့ရှိပါက သက်ဆိုင်ရာ တရားသူကြီးက မမှန်သက်သေ တင်သွင်းသူကို စစ်ဆေးအရေးယူရမည်ဖြစ်ပြီး တရားပြိုင်များ၊ စွပ်စွဲခံရသူများအနေဖြင့် တိုင်တန်း အမှုဖွင့်ခွင့်မရှိသော်လည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၇၆ အရ ဦးတိုက်လျောက်ထားခွင့် ရှိသည့်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဦးတိုက်လျောက်မှုကို စစ်ဆေးနိုင်ရန် ရာဇဝတ်အထွေထွေအမှုအမှတ် ၉၃/၂၀၁၉ အရ လက်ခံထားပြီး ကျူးလွန်ကြောင်း ထင်ရှားပေါ်ပေါက်ပါက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၉၃ အရ အရေးယူခံရမည်ဖြစ်သည်။

မန်း မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းဆောက်လုပ်မှုအား မန္တလေးတိုင်း ဒေသကြီးအစိုးရက ခွင့်ပြုခြင်းမရှိသော်လည်း ဇန်နဝါရီလ ၂၆ ရက်နေ့က ကျောင်းဆောက်လုပ်ရန် အတွက် ပန္နက်ရိုက်ခဲ့သည်။

မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း (မန္တလေး)ကို ပုသိမ်ကြီးမြို့နယ် ကျောက် ချောကျေးရွာရှိ ၈ ဧကခန့် ကျယ်ဝန်းသည့် မြေပေါ်တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး လက်ရှိတွင် အုတ်တံတိုင်း ၊ မုခ်ဦး နှင့် အဝီစီတွင်းတူးခြင်း တို့ကိုသာ ဆောင်ရွက်ထားကာ မန္တလေးတိုင်းဒေသကြီး အစိုးရ အနေဖြင့် ဆောက်လုပ်ခွင့်မရခင် လုပ်ငန်းရပ်ဆိုင်းထားရန် စာထုတ်ခဲ့ခြင်းဖြစ်သည်။

မဟော်သဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း(ရန်ကုန်)ကို ၂၀၁၆ ခုနှစ်ကလည်းကောင်း၊ မဟော်သဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း(တောင်ကုတ်)ကို ၂၀၁၇ ခုနှစ်က လည်းကောင်း ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required