တနင်္သာရီရှေးဟောင်းရိုးရာ နဂါးလှေလှော်ပွဲအပေါ် အစိုးရမှ ပံ့ပိုးမှုအားနည်နေဟုဆို

တနင်္သာရီရှေးဟောင်းရိုးရာ နဂါးလှေလှော်ပွဲအပေါ် အစိုးရမှ ပံ့ပိုးမှုအားနည်နေဟုဆို
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

တနင်္သာရီ၊အောက်တိုဘာ ၁၈ ။        ။ တနင်္သာရီရှေးဟောင်းရိုးရာ နဂါးလှေလှော်ပွဲအပေါ် တိုင်းအစိုးရမှ ပံ့ပိုးကူညီပေးမှုအားနည်းနေကြောင်း ပွဲကျင်းပရေး ကော်မတီဝင်များက ပြောသည်။

(၈၆၆) နှစ်မြောက်တနင်္သာရီရှေးဟောင်းရိုးရာသမိုင်းဝင် နဂါးလှေလှော်ခတ်ပွဲကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် အစဉ်အလာမပျက်ကျင်းပပြုလုပ်ခဲ့သော်လည်း ရန်ပုံငွေအခက်အခဲကြောင့် စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ခြင်းမရှိခဲ့ပေ။

“ဒီနှစ် ရိုးရာနဂါးလှေလှော်ပွဲ အားရ ကျေနပ်မှုမရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရန်ပုံငွေအခက် အခဲကြောင့် ပွဲတော်ကို ယခင်နှစ်တွေကလို့ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခြင်း မရှိပါဘူး”ဟု တနင်္သာရီမြို့နယ်၊ စာပေနှင့်ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်း က ပြောဆိုသည်။

တနင်္သာရီ ရှေးဟောင်းရိုးရာနဂါးလှေလှော်ပွဲဟာ မြန်မာနိုင်ငံမှာရှေး အကျဆုံးသော ပွဲတော်တစ်ခု ဖြစ်ပြီးယခုနှစ်တွင် နဂါးလှေများအတွက် စာတမ်းဖတ်ပွဲများနှင့် တနင်္သာရီလူမျိုးတို့၏ ရိုးရာဝတ်စုံများ အကြောင်းကိုပါ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

“ရိုးရာမပျက် သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ် တစ်ခုအနေနဲ့ လှော်ခတ်ပြသနေတဲ့ နဂါးလှေတော် ပွဲကို အစိုးရပိုင်းကကူညီမှုတွေ အရမ်းအားနည်းနေသလို အကူအညီတွေလည်း လိုအပ်နေပါတယ်”ဟု တနင်္သာရီမြို့နယ် စာပေနှင့်ယဉ်ကျေးမှုအမွေနှစ် ထိန်းသိမ်းမြှင့်တင်ရေး အဖွဲ့မှ အဖွဲ့ဝင် ဦးဇော်ဇော်အောင်က ပြောသည်။

အဆိုပါ ရိုးရာနဂါးလှေလှော်ပွဲတော်တွင် တနင်္သာရီမြို့နယ်အတွင်းရှိ နဂါးလှေတော် (၆)စီးမှ ပုံမှန် ပါဝင်လေ့ရှိသော်လည်း ယခုနှစ်တွင် ရွှေနန်းသာရီ နဂါးလှေတော်မှာ သက်တမ်း (၁၀၀) ကျော် ဖြစ်နေသောကြောင့် လှော်ခတ်ပြသနိုင်းခြင်း မရှိသဖြင့် လှေတော်(၅)စီးဖြင့်သာ လှော်ခတ်ပြသ ခဲ့နိုင်ခဲ့ကြောင်း သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly