မူးယစ်ရာဇာ အယ်လ်ချာပို၏ သားဖြစ်သူကို ဖမ်းမိကြောင်း မက္ကဆီကို ကြေညာ

မူးယစ်ရာဇာ အယ်လ်ချာပို၏ သားဖြစ်သူကို ဖမ်းမိကြောင်း မက္ကဆီကို ကြေညာ

အောက်တိုဘာ ၁၈ ၊ ၂၀၁၉ ။                      ။ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ မူးယစ်ရာဇာ ယော်ကွင်း အယ်လ်ချာပို ဂုဇ်မန်းရဲ့ သားတွေအနက် တစ်ဦးကို ဖမ်းဆီးမိခဲ့ပြီဖြစ်ကြောင်း မက္ကဆီကို အာဏာပိုင်တွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နိုင်ငံအနောက်ပိုင်း ကူလီယာကန် မြို့မှာ  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အယ်လ်ချာပိုရဲ့ သားကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ယင်းမြို့ကတော့ သြဇာကြီး ဆီနာလိုအာ မူးယစ် ဂိုဏ်းရဲ့ အဓိက အမာခံ နေရာ ဖြစ်ခဲ့ပါတယ်။

အယ်လ်ချာပိုရဲ့ သား အိုဗီဒီယို ဂုဇ်မန်း လိုပက်ဇ်ကို ဖမ်းဆီးခဲ့စဉ် ယင်းမြို့ထဲမှာ မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သံသယရှိ မူးယစ်ဂိုဏ်းအဖွဲ့သားတွေအကြား အပြင်းအထန် ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ရာဇာ အယ်လ်ချာပိုကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လက အမေရိကန်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအပြင် ထပ်တိုး ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခံခဲ့ရပါတယ်။

အသက် ၆၂ နှစ်ရှိ အယ်လ်ချာပိုကတော့ မူးယစ်ကုန်သွယ်မှု၊ ငွေကြေးခဝါချမှု တို့အပါအဝင် ပြစ်မှုပေါင်း ၁၀ ခုနဲ့ အပြစ်ရှိကြောင်း နယူးယော့ခ် တရားရုံးတစ်ခုက စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

၎င်းဟာ လွန်ခဲ့တဲ့ ၂၀၁၅ တုန်းက မက္ကဆီကို အကျဉ်းထောင်တစ်ခုကနေ လှိုဏ်ခေါင်းတူးကာ ထွက်ပြေးလွတ်မြောက်ထားခဲ့ဖူးပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ပြန်အဖမ်းခံခဲ့ရပါတယ်။ ယင်းနောက် ၂၀၁၇ မှာ ၎င်းကို အမေရိကန်ဆီ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

၎င်းကတော့ အမေရိကန်ဆီ မူးယစ်ဆေးတွေ အများဆုံး တင်ပို့နေခဲ့တဲ့ ဆီနာလိုအာ ဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly