သေကြောင်းကြံစည်ချင်တဲ့ အတွေးတွေကို ဒီလိုတိုက်ထုတ်ကြရအောင်

သေကြောင်းကြံစည်ချင်တဲ့ အတွေးတွေကို ဒီလိုတိုက်ထုတ်ကြရအောင်

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

သေကြောင်းကြံစည်တယ်တဲ့၊ လူမှုနယ်ပယ်မှာတော့ ဒါဟာ မကြားဝံ့ မခံသာစရာ သတင်းတစ်ပုဒ်ပဲ။ စိတ်ထဲကနေ နင့်နေအောင် ခံစားနေရတာကို သည်းမခံနိုင်တော့အဆုံး အဆုံးစီရင်ဖို့ ကြိုးစားလိုက်တာကိုတော့ ကိုယ်တိုင်ခံစားဖူးမှပဲ သိနိုင်ပါလိမ့်မယ်။ ပြောရမယ်ဆိုရင် လူမှုပတ်ဝန်းကျင်ကပဲ ဒီလိုလူတွေကို သေကြောင်းကြံစည်လောက်တဲ့အထိ တွန်းအားပေးလိုက်တာပါပဲ။

လူရယ်လို့ ဖြစ်လာရင် ဘဝအခက်အခဲတွေနဲ့ အမြဲလိုလို ရင်ဆိုင်ရတာပါပဲ။ ဒီအခက်အခဲတွေပေါ် လူတစ်ယောက်က ဘယ်လိုမြင်သလဲ၊ ဘယ်လိုတွေးမလဲ၊ ဘယ်လိုဖြေရှင်းဖို့ ကြိုးစားလဲ၊ ကြီးပြင်းလာခဲ့ရတဲ့ မိသားစုအသိုင်းအဝိုင်းတွေ စတာတွေက လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးအပေါ် အများကြီးသက်ရောက်မှုရှိနိုင်ပါတယ်။ ကိုယ်ခန္ဓာအတွက်ကိုပဲ ဂရုစိုက်ပြီး စိတ်ကို ဂရုစိုက်ဖို့ မေ့သွားတဲ့အခါ ဒီဒဏ်ရာတွေက လုံးဝပျောက်ကင်းသွားတာမဟုတ်ပါဘူး။ သဲလေးဖုံးလိုက်ရုံလောက်ပဲ တတ်နိုင်ပြီး အကြောင်းတစ်ခုခုနဲ့ ပြန်တိုက်ဆိုင်လာတဲ့အခါ အရင်က ခံစားဖူးတဲ့ ဒဏ်ရာဝေဒနာ အကုန်လုံးက ဆနဲ့တိုးပြီး ပြန်တက်လာတာပါပဲ။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုစိတ်ဝေဒနာ ခံစားနေရတဲ့သူတွေရှိရင် သူတို့နှုတ်က ထုတ်မပြောသည့်တိုင်အောင် ကိုယ့်ဘက်က စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ နှစ်သိမ့်အားပေးမှု ပေးဖို့ လိုအပ်ပါတယ်။
ကိုယ့်ဆီမှာ ဒီလိုအတွေးမျိုးဝင်နေရင်ရော ဘာဆက်လုပ်ကြမလဲ။

ဘယ်သူကမှတော့ ဒီလိုအတွေးမျိုး ဝင်လိုက်တာနဲ့ ချက်ချင်းကောက်ပြီး အဆုံးစီရင်တာမျိုး မရှိပါဘူး။ စိတ်ဝေဒနာကို အချိန်တွေအကြာကြီး မကုသဘဲ ပစ်ထားရင်းကနေ မပျောက်ဘဲ ပိုပိုဆိုးသွားတာကြောင့် နာကျင်မှုတွေအားလုံး ရပ်တန့်စေလိုတဲ့ စိတ်နဲ့ ရွေးချယ်လိုက်ကြတာပါ။ ဒီတော့ ကိုယ့်စိတ်က ပုံမှန်အတိုင်းမဟုတ်တော့ဘူး၊ ဒါမှမဟုတ် အရမ်းကို စိတ်ထဲက ပူလောင်အထီးကျန်ပြီး ခံစားနေရတယ်၊ စိတ်ဓာတ်ကျတယ်လို့ ခံစားနေရရင်တော့ အောက်မှာပြထားတာတွေ လုပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်နော်။

    အရင်ဆုံး ဘာမှကိုမတွေးပါနဲ့။ ကိစ္စတစ်ခုက ခေါင်းထဲရောက်ရာကနေ တွေးရင်းတွေးရင်း စိတ်ညစ်စရာကိစ္စတွေ၊ အတိတ်တုန်းက ဖြစ်ခဲ့တဲ့ ဝမ်းနည်းစရာ ကိစ္စတွေ အကုန်ပြန်တွေးမိနိုင်ပါတယ်။ ဒါကြောင့် အတွေးလွန်နေပြီလို့ ခံစားမိတာနဲ့ ကိုယ့်စိတ်ကို ချက်ချင်း ပြန်ထိန်းချုပ်ပါ။
   

အလုပ်တစ်ခုခု ထလုပ်ပါ။ ဘာအလုပ်ဖြစ်ဖြစ်ရပါတယ်။ အိပ်ယာထဲမှာပဲ လှဲနေပြီးတော့ တောင်တွေးမြောက်တွေး တွေးတာထက်တော့ သာပါလိမ့်မယ်။ ကျောင်းစာ၊ အိမ်စာလုပ်တာ၊ စာအုပ်ဖတ်တာ၊ ကိုယ့်အခန်း၊ ကုတင်ကို သန့်ရှင်းရေးလုပ်တာ၊ အိမ်အလုပ်၊ ရုံးအလုပ်တစ်ခုခုလုပ်တာ၊ ဒါမှမဟုတ်လည်း တစ်နေရာလျှောက်သွားပြီး မုန့်စားတာမျိုး လုပ်ကြည့်ပါ။ အဓိကကတော့ ဦးနှောက်ကို မလိုအပ်တဲ့နေရာမှာ လျှောက်သွားပြီးအလုပ်မလုပ်နိုင်အောင် ထိန်းချုပ်ဖို့ပါပဲ။
   

လောကကြီးက ကိုယ်မရှိရင် ပိုကောင်းသွားမှာပါလို့ တွေးတတ်လား။ အဲ့ဒါဆိုရင် ကိုယ့်မှာ ဘာအားသာချက်၊ ကောင်းတဲ့အချက်တွေ ရှိလည်း ပြန်စဉ်းစားပါ။ ကိုယ်ဘယ်သူတွေကို ကူညီပေးခဲ့လဲ၊ ကိုယ့်ကြောင့် ကိုယ်ချစ်တဲ့သူတွေ မျက်နှာမှာ အပြုံးပန်းတွေ ပွင့်ခဲ့ဖူးလား၊ ဒါမှမဟုတ် ကိုယ်ဟာ မိသားစုကို ထောက်ပံ့နေရတဲ့သူလား၊ ကိုယ်သာမရှိတော့ရင် ကိုယ်ချစ်ရတဲ့၊ ကိုယ့်ကိုချစ်တဲ့ မိသားစုဝင်တွေ ဘယ်လောက်တောင် ပူဆွေးဝမ်းနည်းရလိမ့်မလဲ ပြန်တွေးကြည့်ပါ။

    ဘာမှမတွေးနိုင်လောက်အောင် ပင်ပန်းနေရင် အခန်းထဲဝင်ပြီး အိပ်လိုက်ပါ။ မအိပ်ရင်လည်း မျက်လုံးကိုမှိတ်ပြီး အနားယူလိုက်ပါ။ အနည်းဆုံးတော့ စိတ်ဖိစီးမှုတွေက ခေတ္တခဏ ပြေလျော့သွားနိုင်ပါတယ်။
    အိမ်ထဲမှာပဲ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်မထားပါနဲ့။ အပြင်ထွက်ပါ။ လူတွေနဲ့ထိတွေ့ဆက်ဆံပါ။ အကူအညီလိုအပ်နေတဲ့သူတွေကို တတ်နိုင်သလောက် အကူအညီပေးပါ။ ကိုယ်နဲ့ ရင်းနှီးခဲ့ဖူးတဲ့သူတွေနဲ့ ပြန်ပြီး အဆက်အသွယ်လုပ်ပါ။
    ကိုယ်ခံစားနေရတဲ့ ဒုက္ခကို တခြားသူတွေကို မျှဝေခံစားပါ။ အကြံတောင်းဖို့ မလိုပါဘူး။ အနည်းဆုံးတော့ သောကမီးအပူကို ဝေမျှလိုက်တဲ့အခါ ခံစားနေရတဲ့ ဝေဒနာ အနည်းနဲ့အများ သက်သာသွားနိုင်ပါတယ်။
    နောက်ဆုံး ဘာလုပ်ရမလဲဆိုတာ လုံးဝမသိတော့ဘူး၊ ပညာရှင်တစ်ယောက်ရဲ့ အကူအညီလိုအပ်နေတယ်လို့ ခံစားရရင်တော့ စိတ်ရောဂါကုထုံးပညာရှင် (Psychotherapist) နဲ့ တိုင်ပင်ဆွေးနွေးပါ။ များသောအားဖြင့်တော့ သေကြောင်းကြံစည်ဖို့ ကြိုးစားချင်တဲ့သူတွေ လိုအပ်တာ ဆေးမဟုတ်ပါဘူး။ အားပေးနှစ်သိမ့်မှုနဲ့ ကိုယ့်ရဲ့စိတ်ကို မှန်ကန်စွာထိန်းကျောင်းပေးနိုင်မှုပါပဲ။ ပညာရှင်က ကိုယ့်ရောဂါအခြေအနေနဲ့ ကိုယ်ခံစားနေရတဲ့ ပြဿနာပေါ်မူတည်ပြီး သင့်လျော်တဲ့ စိတ်ကုထုံးတွေနဲ့ ကုသမှုခံယူဖို့ အကြံပေးပါလိမ့်မယ်။

စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်တော့မှ မပေါ့ပါနဲ့။ စိတ်ဆိုတာ ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးကို ယိုင်လဲမသွားအောင် ထိန်းညှိပေးနိုင်တဲ့ ပဲ့ကိုင်ရှင်ပါပဲ။ စိတ်ကျန်းမာမှ အရာအားလုံး ပုံမှန်အတိုင်း လည်ပတ်သွားနိုင်မှာပါ။ ကိုယ့်မှာအကူအညီလိုအပ်နေတယ်လို့ ခံစားရရင် တခြားသူတွေကို ဖွင့်ဟဝန်ခံဖို့ မမေ့လိုက်ပါနဲ့။ ပတ်ဝန်းကျင်မှာ ကိုယ့်ကို အားပေးမယ့်သူ၊ နားလည်ပေးမယ့်သူဆိုတာ အနည်းဆုံးတစ်ယောက်ကတော့ အမြဲတမ်းရှိနိုင်ပါတယ်။

အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဆိုက်hellosayarwon.com မှကူးယူဖော်ပြပေးပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly