ဖွဲ့စည်းပုံပြင်ရေး အကြပ်အတည်း

16 October 2019
ဖွဲ့စည်းပုံပြင်ရေး အကြပ်အတည်း

“အခြေခံဥပဒေ မပြင်ဘူးလို့ တစ်ခါမှ မပြောခဲ့ဘူး။ စနစ်တကျပြင်ဖို့ပဲ လိုတာပေါ့။ ပြင်သင့်ပြင်ထိုက်တဲ့ဟာ(ကို) ပြင်သင့်ပြင်ထိုက်တဲ့အချိန်မှာ ပြင်ဖို့ရှိပါတယ်။ ပြင်မှာပါ”- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ရွေးကောက်ပွဲကတိကဝတ်တွေထဲကတစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်းတော့မယ်လို့ သတင်းထွက်ပြီး ရက်ပိုင်းအတွင်းမှာပဲ တပ်မတော်ရဲ့ သဘောထားကို မဇ္ဈိမက မေးမြန်းရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုနှစ်ဆန်းပိုင်းမှာ ဖြေကြားသွားတာပါ။

လက်ရှိမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ ၄၅ဦး ပူးပေါင်းကော်မတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းတစ်ရပ်ကို ရေးဆွဲလို့ မပြီးသေးခင်မှာပဲ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့နဲ့ အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့က ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းထားတဲ့ ပြင်ဆင်ရေးဥပဒေမူကြမ်းဟာ ငါးခုအထိ ရှိနေပါပြီ။

NLD ရဲ့ အခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းဟာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုပြီး တပ်မတော်သားအစုအဖွဲ့နဲ့ အတိုက်အခံပါတီတို့က ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့ပေမယ့် ပြည်ထောင်စုလွှတ်တော်မှာ ၅၉ရာခိုင်နှုန်း နေရာရထားတဲ့ အာဏာရပါတီရဲ့ သဘောထားကို မလွန်ဆန်နိုင်တဲ့ နောက်မှာတော့ အခြေခံဥပဒေကို သီးခြားပြင်ဆင်နိုင်ဖို့ ဥပဒေမူကြမ်းတွေကို တရစပ် တင်သွင်းခဲ့တာပါ။

တင်သွင်းခဲ့တဲ့ ဥပဒေမူကြမ်းတွေကို ခြုံကြည့်ရင် သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို လျှော့ချပြီး တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ ပါဝင်သလို သမ္မတအရည်အချင်း သတ်မှတ်ချက်ဖြစ်တဲ့ နာမည်ကြီးပုဒ်မ ၅၉(စ) ပြဌာန်းချက်ကို ပြည်ထောင်စုဝန်ကြီးတွေနဲ့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေအထိပါ ကန့်သတ်ဖို့နဲ့ ကာ/လုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ တာဝန်တွေကိုပါ ဖြည့်စွက်ဖို့ ပုဒ်မတွေ ပါဝင်တာ တွေ့ရပါတယ်။

တပ်မတော်အစုအဖွဲ့က တင်သွင်းထားတဲ့ ဥပဒေကြမ်းထဲမှာ ၅၉(စ)လို့ လူသိများတဲ့ မိမိကိုယ်တိုင် ဒါမှမဟုတ် မိဘ၊ အိမ်ထောင်ဖက်၊ သားသမီး၊ ချွေးမနှင့် သားမက်တို့ဟာ နိုင်ငံခြားသား မဖြစ်ရဘူးဆိုတဲ့ ကန့်သတ်ချက်ကို ပြည်ထောင်စုဝန်ကြီးတွေနဲ့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ အရည်အချင်းထဲမှာပါ ထည့်သွင်းထားပါတယ်။

အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတဲ့ ပုဒ်မတစ်ခုလို့ အများက လက်ခံယုံကြည်ပြီး ဒီပုဒ်မကို ဒီမိုကရေစီအင်အားစုတွေက ပြင်ဆင်လိုကြတာပါ။ ဒါပေမယ့် ဒီကန့်သတ်ချက်ကို ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဝန်ကြီးချုပ်တွေအထိပါ တိုးချဲ့ဖို့ တပ်မတော်ဘက်က ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

ဒီကြိုးပမ်းချက်ဟာ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဝန်ကြီးချုပ်တွေအနေနဲ့ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ဆက်စပ်မှု၊ လွှမ်းမိုးမှု မရှိစေဖို့နဲ့ ပြည်တွင်းရေးကိစ္စတွေကို ပြည်ပနိုင်ငံတွေက ဝင်ရောက်စွက်ဖက်ခြင်းမပြုနိုင်ဖို့ ရည်ရွယ်တယ်လို့ တပ်မတော်ဘက်က ပြောဆိုထားပါတယ်။

“နိုင်ငံခြားနဲ့ ဆက်စပ်မှုရှိတဲ့အပေါ်မှာ မူတည်ပြီးတော့ ကိုယ့်နိုင်ငံမှာ နိုင်ငံခြားရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ မရှိစေဖို့၊ ဆွေမျိုးတော်စပ်မှုကို အကြေင်းပြုပြီးတော့ ကိုယ့်နိုင်ငံ သူလျှိုမလုပ်ခံရဖို့ ဖြည့်စွက်ချက်ကို တင်သွင်းခြင်း ဖြစ်ပါတယ်” လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဗိုလ်မှူးချုပ် မောင်မောင်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်အမတ်တစ်ဦးဖြစ််တဲ့ ဒေါက်တာမြတ်ဉာဏစိုးကတော့ ဒီလိုကန့်သတ်ချက်မျိုး တခြားနိုင်ငံတွေမှာလည်း မရှိဘူးလို့ ပြောဆိုပြီး ဒါဟာ ပုဂ္ဂိုလ်ရေးဆန်သလားဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

“ကိုယ့်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကပဲ ထူးထူးခြားခြား ဖြစ်နေတဲ့ ကန့်သတ်ချက်တစ်ခုမျိုး၊ ဒီကန့်သတ်ချက်ကလည်း ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုများ ရည်ရွယ်ပြီးတော့ ကန့်သတ်ထားတဲ့ ကန့်သတ်ချက် ဖြစ်နေမလားဆိုတာ အများကြီး စဉ်းစားစရာ ရှိပါတယ်” လို့ ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

ဒါ့အပြင် အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့တို့ ပူးပေါင်းတင်သွင်းထားတဲ့ နောက်ထပ် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းတစ်ခုမှာလည်း အုပ်ချုပ်ရေးအခန်းကဏ္ဍဖြစ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကာလုံရဲ့ တာဝန်တွေကို ထည့်သွင်းထားပါတယ်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ကာလုံဖွဲ့စည်းခြင်းသာ ပါဝင်ပေမယ့် ဥပဒေမူကြမ်းထဲမှာတော့ ကာလုံရဲ့ တာဝန်တွေဆိုပြီး အချက်(၇)ချက် ဖြည့်စွက်ထားတာပါ။

အဲ့ဒီအချက်တွေထဲမှာ ကာလုံအစည်းအဝေးကို နှစ်လတစ်ကြိမ် ပုံမှန် ကျင်းပဖို့နဲ့ ကာလုံကောင်စီဝင် ငါးဦးက တောင်းဆိုရင်လည်း အရေးပေါ် အစည်းအဝေး ကျင်းပရမယ်လို့ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍ အချင်းချင်း၊ အပြန်အလှန် ထိန်းကျောင်းမှုတွေ ယိုယွင်းလာတဲ့အခါ လွှတ်တော်တွေကို ဖျက်သိမ်းဖို့ သင့်၊ မသင့် နိုင်ငံတော်သမ္မတကို အကြံပေးရမယ်လို့လည်း ကာလုံရဲ့ တာဝန်အဖြစ် ဥပဒေကြမ်းထဲမှာ ထည့်သွင်း၊ ရေးဆွဲထားပါတယ်။

ကာလုံကောင်စီမှာ သမ္မတနဲ့ ဒုတိယသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး၊ နိုင်ငံခြားရေးဝန်ကြီးတို့ ပါဝင်တဲ့ စုစုပေါင်း ၁၁ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီ ၁၁ဦးထဲမှာ တပ်မတော်ဘက်က ခြောက်ဦး ပါဝင်နေတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသက်တမ်း သုံးနှစ်ခွဲအတွင်းမှာတော့ ကာလုံအစည်းအဝေးကို တစ်ကြိမ်တစ်ခါမှ ခေါ်ယူကျင်းပတာ မရှိသေးပါဘူး။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီကတော့ ကာလုံအစည်းအဝေး ခေါ်ယူရေးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုထားပါတယ်။

“ကာ/လုံခေါ်တဲ့ ဒီအဖွဲ့အစည်းက စစ်ဖြစ်တော့မှ လုပ်မှာလား၊ အကြောင်းအရာတစ်ခုခုဖြစ်တော့မှ လုပ်မှာလား။ မဟုတ်ဘူးဗျ၊ အမြဲတမ်း သုံးသပ်နေရမယ်။ အလကားနေရင်း ကာ/လုံ ဖွဲ့စည်းထားတာ မဟုတ်ဘူး” လို့ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

NLD ဦးဆောင်တဲ့ ၄၅ဦး ပူးပေါင်းကော်မတီက ရေးဆွဲနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်း တစ်ရပ် မထွက်ပေါ်ခင်မှာ တပ်မတော်နဲ့ အတိုက်အခံပါတီဘက်က နောက်ထပ် ပြင်ဆင်ရေးဥပဒေကြမ်းတွေ တင်သွင်းဦးမလား ဆိုတာကတော့ ပြန်စမယ့် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

(ရိုက်ကူး၊ တည်းဖြတ်- မင်းမင်း/မဇ္ဈိမ)

Mizzima Weekly