‘ဆီးဂိမ်းစ်ပြိုင်ပွဲ ဗိုလ်လုပွဲအထိ တက်လှမ်းဖို့ ကြိုးစားသွားမှာပါ’ - မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုး

‘ဆီးဂိမ်းစ်ပြိုင်ပွဲ ဗိုလ်လုပွဲအထိ တက်လှမ်းဖို့ ကြိုးစားသွားမှာပါ’ - မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုး
Photo: MFF

မြန်မာလက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ဦးဝင်းသူမိုးက ဆီးဂိမ်းပြိုင်ပွဲရဲ့ အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် အုပ်စုများ ထွက်ပေါ်လာပြီးနောက် ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက်ဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)က အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ဒီကနေ့ နံနက်ပိုင်းက အိမ်ရှင်နိုင်ငံ၊ Pasay city မှာ ကျင်းပခဲ့ပါတယ်။

အုပ်စုမဲခွဲမှုအရ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ အုပ်စု (က)မှာ ကျရောက်နေပြီး အိမ်ရှင် ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ တစ်ဖက်အုပ်စုမှာတော့ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

အုပ်စုခွဲဝေမှုနဲ့ ပတ်သက်လို့ မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးက "အုပ်စုအနေအထားက ကျေနပ်စရာပါ။ ဖိလစ်ပိုင်နဲ့အရင်ကစားရမယ်။ အဲဒီပွဲက အုပ်စုဗိုလ်/ဒုတိယလုရမှာပါပဲ။ မလေးရှားနဲ့ ကစားပြီး ဆီမီးဖိုင်နယ်မတိုင်ခင် ၅ ရက် ပြင်ဆင်ချိန်ရတာ တော်တော်ကောင်းပါတယ်။ ဗိုလ်လုပွဲတက်ဖို့ ကြိုးစားသွားပါမယ်။"လို့ ပြောပါတယ်။

မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေနဲ့ စက်တင်ဘာ ၁၆ ရက်ကနေ စတင်ပြီး စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲများ ကစားဖို့လည်း ဆောင်ရွက်လျက်ရှိနေပါတယ်။

နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံကို သွားရောက်ပြီး လေ့ကျင့်ခြေစမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲ ပွဲဦးထွက် ပွဲစဉ်အဖြစ် အိမ်ရှင် ဖိလစ်ပိုင်အသင်းနဲ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly