‘ကျနော်တို့ ကောင်းကောင်းပြင်ဆင်ထားရင် ဘယ်အသင်းကိုမှ မှုစရာမလိုဘူး’ - နည်းပြ ပိုပေါ့ဗ်

‘ကျနော်တို့ ကောင်းကောင်းပြင်ဆင်ထားရင် ဘယ်အသင်းကိုမှ မှုစရာမလိုဘူး’ - နည်းပြ ပိုပေါ့ဗ်
Photo: MFF

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) ရဲ့ အသက် ၂၂ အောက် အမျိုးသားဘောလုံးပြိုင်ပွဲအတွက် အုပ်စုများ ထွက်ပေါ်လာပြီးနောက်မှာတော့ မြန်မာယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်က အသင်းအနေနဲ့ ကောင်းမွန်စွာပြင်ဆင်ထားပါက အသင်းတိုင်းကို ယှဉ်ပြိုင်နိုင်စွမ်းရှိမှာဖြစ်တယ်လို့ ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။

အုပ်စုမဲခွဲပွဲကိုတော့ ဒီကနေ့နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ၊ Pasay City မှာ ကျင်းပခဲ့ရာ မြန်မာယူ-၂၂ အသင်းဟာ အုပ်စု (က)မှာ အိမ်ရှင် ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ တီမော ယူ-၂၂ အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

အုပ်စုခွဲဝေမှုနဲ့ ပတ်သက်လို့ မြန်မာလက်ရွေးစင် ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်က "အုပ်စုခွဲဝေမှုက အရေးကြီးဆုံး မဟုတ်ပါဘူး။ အရေးကြီးဆုံးက သိပ်ကို ကောင်းမွန်စွာ လေ့ကျင့်ပြင်ဆင်ထားဖို့ပဲဖြစ်တယ်။ ကျနော်တို့ ကောင်းကောင်းပြင်ဆင်ထားရင် ဘယ်အသင်းကိုမှ မှုစရာမလိုဘဲ အသင်းတိုင်းကို ယှဉ်ပြိုင်နိုင်စွမ်းရှိမှာဖြစ်ပါတယ်။"လို့ ပြောပါတယ်။

မြန်မာယူ-၂၂ အသင်းအနေနဲ့ စက်တင်ဘာ ၂၃ ရက်က စတင်ပြီး စခန်းသွင်း လေ့ကျင့်လျက်ရှိကာ ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲများ ကစားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

"ပြိုင်ဘက်တိုင်းကို လေးစားတယ်ဆိုပေမယ့်လည်း ဘယ်သူ့ကိုမှတော့ ကြောက်နေမှာ မဟုတ်ဘဲ အုပ်စုကနေ နောက်တစ်ဆင့် တက်နိုင်ဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ဒါပေမယ့် တစ်ဆင့်ချင်း သွားရာမှာဖြစ်တဲ့အတွက် အုပ်စုအဖွင့်ပွဲဖြစ်တဲ့ မလေးရှားနဲ့ပွဲမှာ အနိုင်ရဖို့အတွက် ပစ်မှတ်ထားရမှာဖြစ်ပါတယ်။"လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် မြန်မာယူ-၂၂ အသင်းဟာ အောက်တိုဘာ ၂၁ ရက်ကနေ နိုဝင်ဘာ ၂ ရက်ထိ ကာတာနိုင်ငံကို သွားရောက်ပြီး လေ့ကျင့် ခြေစမ်းပွဲ (၃)ပွဲ ကစားမှာဖြစ်ပါတယ်။

"ကျနော်တို့အနေနဲ့ နောက်လမှာ ပြင်းပြင်းထန်ထန် ကြိုးစားမယ်။ ကွင်းထဲမှာပဲ စကားပြောမယ်။ မီဒီယာတွေထက်မှာ အပြောတွေကိုလျှော့ပြီး အလုပ်ကိုပဲ အာရုံစူးစိုက် ပြင်ဆင်သွားမှာပါ။"လို့ ဆိုပါတယ်။

ဆီးဂိမ်းပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပွဲစဉ်များကို နိုဝင်ဘာ ၂၅ ရက်နေမှာ စတင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး နိုင်ငံအသင်း (၁၁)သင်း ပါဝင်ယှဉ်ပြိုင်သွားမှာလည်းဖြစ်ပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly