အမေရိကန်မှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသူလေး စိတ်ကျဝေဒနာ ခံစားရကာ ပျောက်ဆုံးနေ၍ စိုးရိမ်တကြီး ရှာဖွေနေ

By News4
15 October 2019
အမေရိကန်မှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသူလေး စိတ်ကျဝေဒနာ ခံစားရကာ ပျောက်ဆုံးနေ၍ စိုးရိမ်တကြီး ရှာဖွေနေ

အမေရိကန်နိုင်ငံ အိုကလာဟိုးမားမြို့မှာ ကျောင်းတက်နေတဲ့ မြန်မာနိုင်ငံမှ အသက် ၁၆ နှစ်အရွယ် မစုလှိုင်ဆိုတဲ့ မိန်းကလေး ပျောက်ဆုံးနေတာအတွက် ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

မစုလှိုင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကတည်းက ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပြီး မိဘတွေအတွက်တော့ ဆိုးဝါးလွန်းတဲ့ ခြောက်အိပ်မက်တစ်ခုလို ဖြစ်နေပါတယ်။

မစုလှိုင် တက်ရောက်နေတဲ့ Northwest Classen ကျောင်းမှာ ဘာဖြစ်ခဲ့သလဲဆိုတာ မသိကြောင်း မစုလှိုင်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

“စုလှိုင်က ဒီလထဲကစပြီး စကားသိပ်မပြောတော့ဘူး။ သူ့ ကြည့်ရတာ စိတ်မကောင်း ဝမ်းနည်းနေတဲ့ ပုံမျိုး ဖြစ်နေတယ်။”လို့ ဦးလေးဖြစ်သူ ဂျင်လတ်က ပြောပါတယ်။

ဒါအပြင် မစုလှိုင်တို့ မိသားစုအတွက် ဘာသာစကားက အတားအဆီးဖြစ်နေတာမို့ ရှာဖွေရေး၊ ဆက်သွယ်ရေး ကိစ္စရပ်တွေ ပိုပြီး အခက်တွေ့ရပါတယ်။

မစုလှိုင်တို့ မိသားစုဟာ မြန်မာနိုင်ငံက ဖြစ်ပြီး ရဲနဲ့ လွယ်လွယ်ကူကူ ပြောဆိုဆက်သွယ်နိုင်ခြင်း မရှိသလို သတင်းဌာနတွေကိုလည်း ကောင်းကောင်း ရှင်းမပြနိုင်အောင် ဘာသာစကားက အတားအဆီး ဖြစ်နေတာပါ။

သူတို့အတွက် အခြားဆွေမျိုးတစ်ဦးက ကြားကနေ ဘာသာပြန်ပေးနေရတာဖြစ်ပြီး မစုလှိုင်ဟာ သူ့ဘဝမှာ သူ ရပ်တည်နိုင်ဖို့ မနည်းကျားကန်နေရတယ်လို့ ပြောပါတယ်။

“သူဟာ အနေအေးတဲ့ မိန်းကလေးပါ။ သူငယ်ချင်း များများစားစား မရှိဘူး။ စိတ်ကျဝေဒနာ ခံစားနေရပုံပဲ။ သူ့ဘာသာ သူ ကြိတ်ခံစားနေရှာတဲ့ပုံပါပဲ။”လို့ အဲဒီ ဆွေမျိုးက ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့က မစုလှိုင်ကို နောက်ဆုံး မြင်တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ သူ့မိသားစုကတော့ အဲဒီနေ့ဟာ ပုံမှန်နေ့တွေလိုပါပဲလို့ ပြောပါတယ်။

မစုလှိုင်ဟာ အဲဒီနေ့က Northwest Classen ကျောင်းဆီ သွားခဲ့ပြီး Metro Tech က ပရိုဂရမ်တစ်ခုဆီပါ သွားခဲ့ပါတယ်။ ဒီနောက်မှာ ကျောင်းကို ပြန်သွားခဲ့တာ ဖြစ်ပေမယ့် အိမ်ပြန်လာတော့ခြင်း မရှိတော့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မစုလှိုင်ဟာ သူ့မိသားစုအတွက် စာတစ်စောင် ထားရစ်ခဲဲ့တယ်လို့ ဆိုပါတယ်။ သူ့သမီးအနေနဲ့ ဘဝကို မနည်းရပ်တည်နေရပါလားဆိုတာ အဲဒီကျမှ စပြီး သိတော့တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

“သမီးက စိတ်ဓာတ်ကျနေတယ်။ ဒီ လောကထဲ မနေချင်တော့သလို ခံစားနေရတာ ဖြစ်ပါတယ်။ မိသားစုနဲ့ ကောင်းကင်ဘုံမှာ ပြန်ဆုံမယ်ဆိုပြီး ရေးခဲ့တာ ဖြစ်ပါတယ်။”လို့ မိခင်ဖြစ်သူက ဝမ်းနည်းပက်လက် ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly