အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀လျှင် ကျပ် ငါးသိန်းနှုန်းအစိုးရသတ်မှတ်

အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀လျှင် ကျပ် ငါးသိန်းနှုန်းအစိုးရသတ်မှတ်
Photo - EPA

ရန်ကုန်။ ။အောက်တိုဘာ ၁၅။           ။ ၂၀၁၉ မိုးစပါးနှင့် ၂၀၂၀ နွေစပါးရာသီအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို တင်း ၁၀၀လျှင် ကျပ် ငါးသိန်းနှုန်းဖြင့် အစိုးရကသတ်မှတ် ကြေညာခဲ့သည်။

နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဒုတိယသမ္မတ-၂ ဦးဆောင်သည့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့မှ အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို အောက်တိုဘာ ၁၅ ရက်တွင်သတ်မှတ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စျေးကွက်ပေါက်စျေးသည် အခြေခံစျေးအထက်တွင် ဖြစ်ပေါ်နေသော စပါးအမျိုးအစားများအတွက် စျေးကွက် ပေါက်စျေးအတိုင်းသာ ဝယ်ယူရမည်ဖြစ်ပြီး၊ စျေးကွက် ပေါက်စျေးသည် အခြေခံစျေးအောက်တွင် ဖြစ်ပေါ်မှု ရှိသော စပါး အမျိုး အစားများအတွက် အခြေခံဈေးနှုန်းအတိုင်းဝယ်ယူပေးရမည်ဟု သိရသည်။

"ငါးသိန်းစျေးသတ်မှတ်တာက တောင်သူတွေအတွက် အကျိုးအမြတ်များတဲ့စျေးမဟုတ်သော်လည်း အရူံး တော့မရှိတော့ဘူးပေါ့။ ဒါပေမဲ့ အရေး ကြီးတာကစျေးကသတ်မှတ်ရုံသတ်မှတ်ပြီး၊ မြို့နယ်တိုင်းမှာ ဒိုင်တွေ ဖွင့်ပြီးတော့ဝယ်ပေးတာမျိုး မဟုတ်ရင် ဆက်ပြီးတော့ စျေးကအနှိမ်ခံနေရဦးမှာပဲ" ဟု လယ်သမားဖွံ့ဖြိုးရေး အသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်ကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ်ကအစိုဓါတ် ၁၄ရာခိုင်နှုန်း အဖျင်း၊အမှော်၊ ဖုန်၊ သဲ၊ခဲ ကင်းစင်မှုရှိပြီး သတ်မှတ် အရည် အသွေးစံနှုန်းနှင့် ကိုက်ညီသည့် ၄၆ ပေါင်ကိုက် စပါးတင်း (၁၀၀)လျှင် ကျပ် (၅)သိန်းနှုန်းဖြင့် မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်သတ်မှတ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။သို့ဖြစ်ရာ အဆိုပါသတ်မှတ်ချက်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စျေးနှုန်းအတိုင်းပြောင်းလဲမှုမရှိကြောင်း သိရသည်။ သို့သော်ယခုနှစ်တွင် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ ဖွဲ့စည်းထားသည့် ဦးဆောင်အဖွဲ့မှ သတ်မှတ်ထုတ်ပြန် ပေးခဲ့ခြင်းဖြစ်သည်။

အခြေခံရည်ညွှန်းဈေးဖြင့်ရောင်းချဖို့ရန် အခက်အခဲရှိနေသည့် နေရာဒေသများတွင် နိုင်ငံတော်အစိုးရက ဖွဲ့စည်း ပေးထားသည့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့နှင့် ဆန်စပါးဝယ်ယူရေး အဖွဲ့များက ဝယ်ယူပေးသွားရန် ပြင်ဆင်ဆောင်ရွက်နေသည်ဟုသိရပြီး၊ အစိုးရအနေဖြင့် ယင်းအစီအစဉ်အတွက် ရန်ပုံငွေကျပ် ၁၅ ဘီလီယံ ထဲမှ သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယင်းနှင့် ဆက်စပ်သည့် ဝယ်ယူရေး နှင့်သိုလှောင်ရေး လုပ်ငန်းများတွင်မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်း အသင်းက အသိပေးထုတ်ပြန်ထားသည်။ အခြေခံစပါးဈေးနှုန်းအတိုင်း ရောင်းချရန်အခက်အခဲရှိနေသည့် တောင်သူများအနေဖြင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

 အစိုးရအနေဖြင့် စပါးတင်း ၁၀၀ လျှင် ကျပ် ၅ သိန်းနှုန်းဖြင့် ဝယ်ယူရန်သတ်မှတ်ခဲ့သော်လည်း လက်ရှိစပါး ပေါ်ချိန်တွင် ပြည်ပဝယ်လိုအားလျှော့ကျခဲ့ခြင်းေကြာင့် ဆန်လက်ကျန်များပြီး ဈေးနှုန်းကျဆင်းနေကြောင်း စျေးကွက်အတွင်းကသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required