နေပြည်တော်၊ မြို့မဈေးရှိ ဆိုင်ခန်းတစ်ခု မီးလောင်

နေပြည်တော်၊ မြို့မဈေးရှိ ဆိုင်ခန်းတစ်ခု မီးလောင်
မီးသတ်ယာဉ် ၄၅စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၃၀၀ဦးနဲ့ မီးငြှိမ်းသတ်ခဲ့ပါတယ် (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၁၄ရက်၊ ၂၀၁၉ခုနှစ်)။ ။ နေပြည်တော်ရှိ အချက်အခြာကျသော ဈေးကြီးတစ်ခုဖြစ်သည့် မြို့မဈေး၏ အနောက်မြောက်ဘက်ထောင့်ရှိ ဆိုင်ခန်းတစ်ခုတွင် အောက်တိုဘာ ၁၄ရက်၊ ည ၉နာရီ ၄၅မိနစ်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

“သူ့ထက်” အမည်ရှိ နန်းစိန်ကိတ်နှင့် လက်ဆောင်ပစ္စည်းရောင်းဝယ်ရေးဆိုင်ခန်းတွင် စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မီးသတ်ယာဉ် ၄၅စီး၊ မီးသတ်တပ်ဖွဲ့ဝင်အင်အား ၃၀၀ဦး တို့ဖြင့် ငြိမ်းသတ်ခဲ့ရာ ည ၁၀နာရီ ၂၂မိနစ်တွင် မီးထိန်းနိုင်ခဲ့သည်ဟု နေပြည်တော်မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းအောင်က အတည်ပြုသည်။

အခြားဆိုင်ခန်းများသို့ ကူးစက်လောင်ကျွမ်းခြင်း မရှိသော်လည်း အဆိုပါ ဆိုင်ခန်းအတွင်းရှိ စားသောက်ကုန်ပစ္စည်းအားလုံး မီးလောင်ကျွမ်းခဲ့သည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်ကာ မီးလောင်သည့် အကြောင်းအရင်းကိုလည်း စုံစမ်းနေဆဲဖြစ်သည်ဟု ဦးလှိုင်ဝင်းအောင်က ပြောသည်။

“မီးလောင်မှု အကြောင်းအရင်းကတော့ စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်။ ဆိုင်ထဲမှာရှိတဲ့ စားသောက်ကုန်ပစ္စည်းတွေကတော့ အကုန်လောင်သွားတယ်ဗျ” ဟု ၎င်းက ဆိုသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ နေပြည်တော်ကောင်စီဝင်လည်းဖြစ်၊ နယ်/လုံဝန်ကြီးလည်းဖြစ်သူ ဗိုလ်မှူးကြီး မင်းနောင် ကိုယ်တိုင်လာရောက် ကွပ်ကဲပြီး မီးငြိမ်းသွားပြီးနောက် မြို့မဈေးပတ်ပတ်လည်တွင် ရဲလုံခြုံရေး အများအပြား ချထားသည်ကိုလည်း တွေ့ရသည်။

မီးငြိမ်းသတ်ပြီးချိန်တွင် “ရဲတပ်ရင်းမှလည်း လုံခြုံရေးတပ်စုတစ်ခုဖြင့် လုံခြုံရေးယူ ဆောင်ရွက်လျက် ရှိပါတယ်။ အားလုံးငြိမ်းချမ်းသွားပါပြီ ခင်ဗျ” ဟူ၍ မီးသတ်တာဝန်ရှိသူတစ်ဦးက မိုက်ကရိုဖုန်းဖြင့် ကြေငြာခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ ဇွန်လအတွင်းကလည်း မြို့မဈေးတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ဖူးပြီး ထိုစဉ်က ဆိုင်ခန်းလေးခန်း မီးလောင်ဆုံးရှုံးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly