အောက်တိုဘာ ၁၈တွင် အီရန်အပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများ အဆုံးသတ်ပြီဟု အီးယူကြေညာမည်

အောက်တိုဘာ ၁၈တွင် အီရန်အပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများ အဆုံးသတ်ပြီဟု အီးယူကြေညာမည်

ဘရပ်ဆဲလ်၊ အောက်တိုဘာ ၁၇ ။              ။ အဏုမြူဗုံးများထုတ်လုပ်မည်ကို အနောက်နိုင်ငံများက စိုးရိမ်ခဲ့သော အီရန်၏ နျူကလီးယားအစီအစဉ်ကြောင့် ချမှတ်ခဲ့သော စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု များကို တရားဝင်အဆုံးသတ်ကြောင်း အီးယူက အောက်တိုဘာ ၁၈ တွင် ကြေညာလိမ့်မည်ဟု အနောက်နိုင်ငံသံတမန်သတင်းရင်းမြစ်များက ပြောသည်။

ပိတ်ဆို့မှုများရုပ်သိမ်းပေးရေးအတွက် အီရန်သည် ၎င်း၏နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ရမည်ဖြစ်ပြီး အင်အားကြီးနိုင်ငံများနှင့် ရရှိခဲ့သည့် ဇူလိုင်လက သဘောတူညီချက်အရ အီရန်သည် ကတိကဝတ်များကို ဖြည့်ဆည်းခဲ့သည်ဟု နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(အိုင်အေအီးအေ)က ထောက်ခံချက်ပေးပြီးနောက် ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်က ယခုနှစ်အကုန်ဝန်းကျင်တွင် အာဏာသက်ရောက်မည်ဖြစ်သည်။

အောက်တိုဘာ ၁၈ ကြေညာချက်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံများ( ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနှင့် အမေရိကန်)အပေါင်း ဂျာမနီနှင့် အီရန်ကြား ဇူလိုင်လက သဘောတူညီချက်ကို အကောင်အထည်ဖော်မည်ဖြစ်သည်။

အီရန်၏ နျူကလီယားအစီအစဉ်ကို နိုင်ငံတကာက စစ်ဆေးရေးနိုင်ရေးဖိအားပေးရန် အမေရိကန်နှင့် အီးယူတို့သည် အီရန်၏ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားခြင်း၊ ဗီဇာများပိတ်ပင်ခြင်းအပါအဝင် အထူးသဖြင့် အီရန်ဘဏ်များနှင့် အဓိကရေနံနှင့် သဘာဝဓါတ်ငွေ့အုပ်စုများကို ကာလရှည်ပိတ်ဆို့ထားခဲ့ကြသည်။

ပိတ်ဆို့မှုများကြောင့် အီရန်မှာ လွန်စွာထိခိုက်ခဲ့ပြီး   ပြည်ပရှိအီရန်၏   ဒေါ်လာဘီလျံများစွာ မှာထိန်းချုပ်ခံရပြီး ရေနံအပေါ်မှီခိုသည့်စီးပွားရေးတွင်လည်း နည်းပညာနှင့် ရင်းနှီးမြုပ်နှံမှု များလွန်စွာ လိုအပ်နေခဲ့သည်။

အီရန်အပေါ်ပိတ်ဆို့များ ရုပ်သိမ်းကြောင်း ဝါရှင်တန်ကလည်း အောက်တိုဘာ ၁၈တွင် ကြေညာလိမ့်မည်ဟု မျှော်လင့်ရသည်။

အီးယူနိုင်ငံခြားရေးရာအကြီးအကဲ ဖက်ဒရစ်ကာမော့ဟေနီနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်တို့က အောက်တိုဘာ ၁၈တွင် ကြေညာချက်တစ်ခုထုတ်ပြန်မည်ဟု တီဟီရန်ရှိ နိုင်ငံပိုင်သတင်းအေဂျင်စီ အိုင်အာအဲန်အေက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly