နိုင်ငံ့အခြေအနေအရ ညီညွတ်သည့်အင်အားဖြင့် ရုန်းကန်မှသာ အောင်မြင်မည်ဟု လူဘောင်သစ်ပါတီဥက္ကဋ္ဌဆို

နိုင်ငံ့အခြေအနေအရ ညီညွတ်သည့်အင်အားဖြင့် ရုန်းကန်မှသာ အောင်မြင်မည်ဟု လူဘောင်သစ်ပါတီဥက္ကဋ္ဌဆို
ဓာတ်ပုံ - သက်ကို

ရန်ကုန် ၊ အောက်တိုဘာ ၁၄။         ။ မြန်မာနိုင်ငံ၏အခြေအနေသည် အကျပ်အတည်းပေါင်းစုံဖြင့် ရင်ဆိုင်နေရပြီး အဆိုပါအခြေအနေများကိုတိုင်း ရင်းသားပြည်သူများ နိုင်ငံရေးအင်အားစုများအကြား ယုံကြည်ချက်ထား၍ ဖြေရှင်းမှသာ အောင်မြင်မည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။

“ဒီလေးငါးနှစ်အတွင်းမှာ ကြည့်ရတာတော့ ဒီမိုကရေစီအရေးပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးပဲဖြစ်ဖြစ် ရပ်နေတယ်။ တစ်ခါတစ်ခါနောက်ကို ပြန်ဆုတ်နေတယ်လို့တောင် ယူဆရပါတယ်။ တပြိုင်နက်တည်းမှာ အခုလို နိုင်ငံတကာနဲ့ သမိုင်းမှာမကြုံဖူးရလောက်တဲ့ ရင်ဆိုင်ရမှုမျိုးဖြစ်လာတဲ့အခါကျေတာ့ တိုင်းပြည်အတွက် စိုးရိမ်စရာကောင်းတယ်”ဟု ဦးအောင်မိုးဇော်က ပြောသည်။

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ပါတီတည်ထောင်ခြင်း (၃၁) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအေန၊ကမ္ဘာ့ကုလသမဂ္ဂနိုင်ငံရေး စကားဝိုင်းကို အောက်တိုဘာ လ ၁၄ရက်၊ နေ့လယ် ၁ နာရီက ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းရှိ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရုံးချုပ်တွင် ပြုလုပ် ကျင်းပခဲ့သည်။

အောက်တိုဘာ ၁၄ ရက်နေ့တွင် ကျရောက်သော အဆိုပါ ပါတီ၏ ၃၁နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ပြန် သောကြေညာချက်တွင် မြန်မာနိုင်ငံ၏ အခြေအနေသည် ရခိုင်ဒေသအရေး ၊ အစွန်းရောက်အမျိုးသားရေး ကိစ္စများအပြင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများကြောင့် နိုင်ငံတကာတွင် ပုံရိပ်ကျဆင်းမှုများ ရှိလာနေကြောင်း လူဘောင်သစ်ပါတီအနေဖြင့် နိုင်ငံအတွင်းရှိ လူမျိုးပေါင်းစုံပြည်သူများ ရည်ရွယ်ချက် ယုံကြည်ချက်တူသူ မိတ် ဆွေများနှင့် ပူးပေါင်းကာ ကျရာတာဝန်ကို ထမ်းဆောင်သွားမည်ဟုရေးသားထားသည်။ထို့အပြင် လက်ရှိတွင် ငြိမ်းချမ်းရေးဖော်ဆောင်မှု ရပ်တန့်နေခြင်း၊ ဒီမိုကရေစီဘောင်ကျဉ်းကာ စစ်ဘောင်ကျယ်လာနေမှုများ၊ တန်းတူ အခွင့်အရေး နိုင်ငံသားအခြေခံအခွင့်အရေးများ ဆုံးရှုံးနေကာ ဘဝလုံခြုံမှု ခြိမ်းခြောက်ခံနေမှုများ ကြုံနေရ ကြောင်း ပါတီ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီသည် ၁၉၈၈ ရှစ်လေး လုံးဒီမိုကရေစီ အရေးတော်ပုံကြီး အတွင်း အလုပ်သမား၊ လယ်သမား၊ လူငယ် ကျောင်းသားများဖြင့် တည်ထောင်ထားခဲ့ခြင်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly