အီကွေဒေါမှာ ဆန္ဒပြဆူပူမှုတွေ ဖြစ်ပွားစေတဲ့ လောင်စာဆီအမတော်ကြေး ဆုံးဖြတ်ချက်ကို အစိုးရက ရုပ်သိမ်းပေး၍ အောင်ပွဲခံ

အီကွေဒေါမှာ ဆန္ဒပြဆူပူမှုတွေ ဖြစ်ပွားစေတဲ့ လောင်စာဆီအမတော်ကြေး ဆုံးဖြတ်ချက်ကို အစိုးရက ရုပ်သိမ်းပေး၍ အောင်ပွဲခံ

ကီတို၊ အောက်တိုဘာ ၁၄။             ။ အီကွေဒေါနိုင်ငံမှာ ခြိုးခြံချွေတာရေး လုပ်ငန်းစဉ်တွေကို ကန့်ကွက်တဲ့ အသေအဆုံးများသော ဆန္ဒပြမှုတွေကို အဆုံးသတ်စေမယ့် သဘောတူညီချက်တစ်ရပ်ကို အစိုးရနဲ့ တိုင်းရင်းမျိုးနွယ်စုခေါင်းဆောင်တွေကြား တနင်္ဂနွေနေ့မှာ ရရှိခဲ့တာကြောင့် ဆန္ဒပြသူတွေဟာ အောင်ပွဲခံနေကြပါတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ထံ ချေးငွေ အမေရိကန်ဒေါ်လာ ဘီလီယံများစွာ ပေးချေနိုင်ရေးအတွက် အစိုးရက လောင်စာဆီအမတော်ကြေး ဖြတ်တောက်တာပါ ပါဝင်တဲ့ လုပ်ငန်းစဉ်တွေဖော်ဆောင်လာတာကို ဆန့်ကျင်ပြီး ဆန္ဒပြဆူပူမှုတွေ သီတင်းနှစ်ပတ်နီးပါးကြာ ဖြစ်ပွားပေါ်ပေါက်နေခဲ့တာ ဖြစ်ပါတယ်။

သမ္မတ လီနင်မော်ရီနိုနဲ့ တိုင်းရင်းမျိုးနွယ်များအုပ်စု CONAIE ရဲ့ အကြီးအကဲ ဂျင်မီဗာဂတ်စ်တို့ကြား လေးနာရီကြာ မြို့တော်ကွီတိုမှာ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဆွေးနွေးပွဲကို နိုင်ငံပိုင်ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။

“သဘောတူညီချက် ရရှိပြီဖြစ်တာကြောင့် အီကွေဒေါနိုင်ငံတစ်ဝန်း ငြိမ်းချမ်းရေး ပြန်လည်ဖြစ်ထွန်းလာဖို့ကို ကျွန်တော်တို့ ဖော်ဆောင်သွားကြမှာ ဖြစ်ပါတယ်။”လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပြီး အစိုးရက လောင်စာဆီအမတော်ကြေး အမိန့်ကို ပြန်လည်ရုပ်သိမ်းကြောင်းပါ ဖော်ပြသွားပါတယ်။

IMF ထံ ပေးချေစရာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ ရရှိနိုင်ရေးအတွက် သမ္မတ မော်ရီနိုက လောင်စာဆီအမတော်ကြေးကို ဖြတ်တောက်လိုက်တာကြောင့် ဆီစျေးတွေ ထိုးတက်သွားခဲ့ရာကနေ ဆန္ဒပြမှုတွေ ၁၂ ရက်ကြာမျှ ဖြစ်ပွားပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဆန္ဒပြမှုတွေအတွင်း လူ ခုနစ်ဦး သေဆုံးပြီး ဒဏ်ရာရသူ ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly