ဗီရာကို အနိုင်ရခဲ့ပြီးနောက် ပရိသတ်တွေကို တိုက်တွန်းပြောဆိုမှုတစ်ခု ပြုလုပ်သွားတဲ့ အောင်လအန်ဆန်

ဗီရာကို အနိုင်ရခဲ့ပြီးနောက် ပရိသတ်တွေကို တိုက်တွန်းပြောဆိုမှုတစ်ခု ပြုလုပ်သွားတဲ့ အောင်လအန်ဆန်
Photos: Aung La Nsang(Burmese Python)/Facebook

ONE Championship ရဲ့ ရာပြည့်အထိမ်းအမှတ် One Century ပြိုင်ပွဲရဲ့ အဓိကခေါင်ပွဲမှာ ဘရန်ဒန်ဗီရာကို အနိုင်ယူခဲ့တဲ့ အောင်လအန်ဆန်က မိမိကိုယ်နဲ့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာကို ကောင်းသထက် ကောင်းအောင် အမြဲတမ်းကြိုးစားရအောင်လို့ ပရိသတ်တွေကို ပွဲအပြီး လူမှုကွန်ရက်ပေါ်ကနေ တိုက်တွန်းလိုက်ပါတယ်။

One Century ပြိုင်ပွဲမှာ တွဲဆိုင်း ၂၂ ဆိုင်းအထိပါဝင်ခဲ့လို့ ပထမပိုင်းနဲ့ ဒုတိယပိုင်းခွဲကာ ကျင်းပခဲ့တာဖြစ်ပြီး ဂျပန်ရောက်မြန်မာတွေကလည်း လာရောက်အားပေးခဲ့ကြတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်က တိုကျိုမြို့မှာပဲ ကျင်းပခဲ့တဲ့ လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲမှာ ချန်ပီယံ အောင်အန်ဆန်က ဂျပန်ဖိုက်တာ ကန်ဟက်ဆီဂါဝါကို အနိုင်ယူပြီးတဲ့အချိန်မှာ အသက် ၄၁ နှစ်အရွယ် ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဘရန်ဒန်ဗီရာဟာ စင်ပေါ်တက်ပြီး အောင်လနဲ့ ထိုးသတ်ဖို့ စိန်ခေါ်ခဲ့ပါတယ်။

ဒါပေမယ့် အောင်လအန်ဆန်ရဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံဆုကို စိန်ခေါ်သူ ဖိလစ်ပိုင်-အမေရိကန်ဖိုက်တာ ဘန်ဒန်ဗီရာမှာ တကယ်ယှဉ်ပြိုင်ထိုးသတ်တဲ့အခါမှာ ဒုတိယအချီ ၃ မိနစ် ၂၃ စက္ကန့်မှာ ဒိုင်ပွဲရပ်နဲ့ အောင်လအန်ဆန်ကို အရှုံးပေးခဲ့ရပါတယ်။

"ဒီအောင်မြင်မှုအတွက် ရှေးဦးစွာ ဘုရားသခင်ရဲ့ ဂုဏ်တော်ကို ချီးမွမ်းပါတယ်။ ကျနော့်ကို အစစအရာရာ ပံ့ပိုးပေးတဲ့ ကျနော့် အဖေ၊ မိသားစု၊ ကျနော့်အသင်းသားများနဲ့ အမာခံပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။"လို့ အောင်လအန်ဆန်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးတင်ခဲ့ပါတယ်။

"ကျနော်တို့ဟာ မိမိကိုယ်နဲ့ မြန်မာပြည်တစ်နိုင်ငံလုံးအတိုင်းအတာကို ကောင်းသည်ထက်ကောင်းအောင် အမြဲတမ်းကြိုးစားရအောင်လို့ ပြောချင်ပါတယ်။ ဒီလိုမှပဲ ကျနော်တို့ဟာ ပိုပြီးတောက်ပတဲ့အနာဂတ်ဆီကို လှမ်းချီနိုင်မှာဖြစ်ပါတယ်။

"'ဒီလိုကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲညကို စီစဉ်ဆောင်ရွက်ပေးတဲ့ ONE Championship အဖွဲ့အစည်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ အားလုံးကောင်းချီးခံစားရပါစေ .... ပရိသတ်အားလုံးကို အရမ်းချစ်ပါတယ်။"

အောင်လအန်ဆန်ဟာ MMA ပြိုင်ပွဲ ၃၇ ပွဲ ကစားအပြီးမှာ ၂၆ ပွဲနိုင် ၁၀ ပွဲ ရှုံးဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ နောက်ဆုံး ၇ ပွဲဆက်နိုင်ပွဲတစ်ပွဲဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းတွေရဲ့ ချန်ပီယံခါးပတ်ကို ရယူထားနိုင်သူလည်းဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly