ဆီးရီးယား တူရကီရဲ့ ကျုးကျော်စစ်ကြောင့် အကျဉ်းထောင်က အိုင်အက်စ် ၈၀၀ နီးပါး လွတ်မြောက်ထွက်ပြေး

ဆီးရီးယား တူရကီရဲ့ ကျုးကျော်စစ်ကြောင့် အကျဉ်းထောင်က အိုင်အက်စ် ၈၀၀ နီးပါး လွတ်မြောက်ထွက်ပြေး

ဒမတ်စကပ်၊ အောက်တိုဘာ ၁၄။          ။ တူရကီရဲ့ ကျုးကျော်စစ်ကြောင့် ဆီးရီးယားမြောက်ပိုင်းက အကျဉ်းထောင်ကနေ အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ချိတ်ဆက်တဲ့ နိုင်ငံခြားသား ၇၈၅ ဦး လွတ်မြောက်သွားခဲ့ကြောင်း ဒေသတွင်း ကာ့ဒ်အာဏာပိုင်တွေက တနင်္ဂနွေနေ့က ပြောပါတယ်။

ဆီးရီးယားမြောက်ပိုင်းက ကာ့ဒ်အစိုးရဟာ တူရကီရဲ့ မဟာမိတ် ဆီးရီးယားစစ်သွေးကြွတွေကို ရည်ညွန်းပြောဟန်ရှိတဲ့ တူရကီကြေးစားစစ်သားတွေရဲ့ ကူညီမှုနဲ့ အန်းအစ်ဆာအကျဉ်းထောင်က နိုင်ငံခြားသား အိုင်အက်စ်အဖွဲ့တွေ လွတ်မြောက်သွားတာဖြစ်တယ်လို့ လူမှုမီဒီယာကနေ ထုတ်ပြန်ပါတယ်။

အကျဉ်းထောင်ထဲက အိုင်အက်စ်တွေဟာ ထောင်စောင့်အချို့ကို တိုက်ခိုက်ပြီး ဂိတ်တံခါးတွေကို ဖွင့်လိုက်နိုင်ကာ ထွက်ပြေးလွတ်မြောက်သွားတာဖြစ်တယ်လို့လည်း သိရပါတယ်။

တူရကီ ကျုးကျော်စစ်ဆင်နေတဲ့ အဲဒီ မြောက်ပိုင်းဒေသမှာ ဖမ်းဆီးထိန်းချုပ်ထားတဲ့ အိုင်အက်စ်တိုက်ခိုက်ရေးသမား ၁၂၀၀ ကျော်နဲ့ ၎င်းတို့ရဲ့ မိသားစုဝင် ၇၀၀၀၀ နီးပါး ရှိပြီး ၎င်းတို့ကို ဖမ်းဆီးထိန်းသိမ်းထားနိုင်ရေးဟာ တူရကီထိုးစစ်ကြောင့် ဦးစားပေးလုပ်ငန်းစဉ်အဖြစ် မရှိနိုင်တော့ကြောင်း ကာ့ဒ်အာဏာပိုင်တွေက မကြာသေးခင်ကပဲ ကြေညာထားတာ ဖြစ်ပါတယ်။

“ကမ္ဘာ့က အိုင်အက်စ်တွေကို လုံခြုံရေးခြိမ်းခြောက်မှုလို့ လေးလေးနက်နက် ယူဆသလား။ ကျွန်တော်တော့ ၁၀၀ ရာခိုင်နှုန်း ဒီလို ယူဆလိမ့်မယ်လို့ မထင်ဘူး။ ဘာပဲဖြစ်ဖြစ် ယူဆတယ်ဆိုရင် အခု တူရကီကြောင့် လွတ်မြောက်သွားတဲ့ အိုင်အက်စ်တွေအရေးမှာ ဘယ်လို သဘောထားမျိုး ရှိတယ်ဆိုတာ အကောင်းဆုံးသက်သေပြလို့ ရတယ်။”လို့ ကာ့ဒ်ပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ SDF ပြောခွင့်ရသူ မူစတာဖာဘာလီက ပြောပါတယ်။

“အိုင်အက်စ်တွေ လွတ်မြောက်သွားတာကို အရေးတယူဆောင်ရွက်ခြင်း မရှိကြဘူးဆိုရင်တော့ ကျွန်တော်တို့ဟာ သိပ်မကြာမီမှာပဲ နောက်ဆက်တွဲတွေ ရင်ဆိုင်လာရလိမ့်မယ်။ ဒါပေမယ့် ခုပုံစံကြည့်ရတာတော့ တစ်ယောက်မှ တုတ်တုတ်လှုပ်မယ့် ပုံမရဘူး။”လို့ ၎င်းက အိုင်အက်စ်တွေ လွတ်မြောက်ခြင်းကို အရေးတယူမရှိကြတာကို ရည်ညွှန်းပြီး ပြောဆိုသွားခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly