ဆူးလေဘုရားလမ်းအနီး နောက်ဖေးလမ်းကြားဥယျာဉ်သစ် နေရာသုံးခု ဖွင့်လှစ်မည်

By ဆုမြတ်မေဇော်
12 October 2019
ဆူးလေဘုရားလမ်းအနီး နောက်ဖေးလမ်းကြားဥယျာဉ်သစ် နေရာသုံးခု ဖွင့်လှစ်မည်
ဓာတ်ပုံ - သူရ (မဇ္စျိမ)

အောက်တိုဘာ ၁၂၊ရန်ကုန်။          ။ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းအနီး နောက်ဖေးလမ်းကြားဥယျာဉ်သစ် နေရာသုံးခုကို လာမည့် ဒီဇင်ဘာတွင် စတင်ဖွင့်လှစ်သွားရန် လျာထားတယ်လို့ ဒို့အိမ်အဖွဲ့ရဲ့ ဗိသုကာပညာရှင် မစွမ်းရည်ထွန်းလွင်က ပြောသည်။

အဆိုပါ အသစ်ဖွင့်လှစ်မည့်  နောက်ဖေးလမ်းကြား ဥယျာဉ်သစ်နေရာသုံးခုကို အောက်တိုဘာ၁၂ ရက်နေ့က ရန်ကုန်မြို့(၃၂)လမ်းဓမ္မာရုံတွင်  ဒို့အိမ်အဖွဲ့က ဦးစီးပြီး  လူထုကို ပြသခဲ့သည်။

အသစ်ဖွင့်လှစ်မည့် နောက်ဖေးလမ်းကြားဥယျာဉ်သစ် နေရာသုံးခုမှာ ၃၂လမ်းအောက်ဘလောက်နှင့် ဆူးလေဘုရားလမ်း နောက်ဖေးလမ်းကြား၊ ၃၁လမ်းနှင့် ၃၂လမ်း နောက်ဖေးလမ်းကြား၊ ၃၁လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်း နောက်ဖေးလမ်းကြား တို့ဖြစ်သည်။ အဆိုပါ နောက်ဖေးလမ်းကြားနေရာသုံးခုကို မတူညီသည့်  ပုံစံတစ်ခုချင်းစီဖြင့်  ပုံဖော်တည်ဆောက်သွားမည် ဖြစ်သည်။

 "ဗိုလ်ဆွန်ပက်လမ်းနဲ့ ၃၁လမ်းက ဥယျာဉ်မှာတော့ မြန်မာလက်မှုပညာတွေနဲ့ အဓိက ပုံဖော်သွားမှာ ဖြစ်ပြီး (၃၁)လမ်းနဲ့ (၃၂)လမ်းကြားမှာတော့ စာကြည့်တိုက်လည်း ပါဝင်မှာဖြစ်တယ်။ ပုံပြင်ဇာတ်လမ်းလေးတွေနဲပုံဖော်သွားမယ်၊ (၃၁)လမ်းနဲ့ (၃၂)လမ်းမှာတော့ စိမ်းလန်းတဲ့ ပန်းပင်တွေနဲ့ နားနားနေနေ နေလို့ရတဲ့ နေရာလေးတစ်ခုကို ပုံဖော်ပေးသွားမှာပါ"လို့ ဗိသုကာပညာရှင် မစွမ်းရည်ထွန်းလွင် ကပြောသည်။

ရန်ကုန်မြို့တွင်း အများပြည်သူအပန်းဖြေနေရာ နည်းပါးလျက် ရှိသဖြင့်  ဒို့အိမ်အဖွဲ့အနေဖြင့်  နောက်ဖေးလမ်းကြား အမှိုက်ပုံနေရာများကို လူအများရေရှည်အသုံးပြုနိုင်သည့်  နေရာတစ်ခုဖြစ်အောင် ရပ်ကွက်နေပြည်သူများ လွှတ်တော်ကိုယ်စားလှယ်များ  စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်းပြီး ဖန်တီးပုံဖော်နေခြင်း ဖြစ်သည်။

"အဓိကကတော့ အမှိုက်ပြသနာလည်း တော်တော်ရှင်းသွားမယ်၊ ကလေးတွေလည်း လွတ်လွတ်လပ်လပ် အောက်ဆင်းဆော့လို့ ရတာပေါ့" လို့ (၃၁)လမ်းတွင်  နေထိုင်သည့်  ကိုသူရိန်ဇော်က ပြောသည်။

 ဒို့အိမ်အဖွဲ့သည်  ၂၀၁၆ခုနှစ် ဇူလိုင်လက စတင်ပြီး ရန်ကုန်မြို့(၂၇)လမ်း၊ အောက်ဘလောက်ကို အများပြည်သူ အပန်းဖြေနိုင်မည့်  နောက်ဖေးလမ်းကြားဥယျာဉ်အဖြစ် စတင်ပြုပြင်ခဲ့ပြီး စုစုပေါင်း ဥယျာဉ် ရှစ်ခု ကို ဖွင့်လှစ်ထားပြီး ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly