နှစ်ပေါင်း ၆၀ ကျော်အတွင်း အဆိုးဝါးဆုံး တိုင်ဖုန်းမုန်တိုင်း တိုကျိုမြို့တော်ဆီ ဦးတည်၊ လူ တစ်ဦး သေဆုံး

နှစ်ပေါင်း ၆၀ ကျော်အတွင်း အဆိုးဝါးဆုံး တိုင်ဖုန်းမုန်တိုင်း တိုကျိုမြို့တော်ဆီ ဦးတည်၊ လူ တစ်ဦး သေဆုံး

တိုကျို၊ အောက်တိုဘာ ၁၂ ။       ။ တိုကျိုမြို့တော်ဧရိယာဆီ ဦးတည်နေတဲ့ အားပြင်း တိုင်ဖုန်မုန်တိုင်း ဟာဂျီဘစ်ဟာ စနေနေ့မှာ ကုန်းတွင်းပိုင်း ဝင်ရောက်ဖို့ ရှိနေချိန်မှာပဲ လူတစ်ဦး သေဆုံးပြီ ဖြစ်ပါတယ်။

စံချိန်ချိုးအောင် မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားတဲ့ ဒီ မုန်တိုင်းကြောင့် ပြည်သူ့ ၁ ဒသမ ၆ သန်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အမိန့်ညွှန်ကြားချက်တွေလည်း ထုတ်ပြန်ထားပါတတယ်။

နှစ်ပေါင်း ၆၀ ကျော်အတွင်း အဆိုးဝါးဆုံးဖြစ်မယ့် ဒီမုန်တိုင်း ဝင်ရောက်ဖို့ တာဆူနေတာကြောင့် Rugby World Cup ပြိုင်ပွဲနှစ်ပွဲကို ဖျက်သိမ်းခဲ့သလို ခရီးစဉ်ပယ်ဖျက်လို့ သောင်တင်နေတဲ့ လေယာဉ်ခရီးစဉ်ပေါင်း ၁၆၀၀ ကျော်ထက်မနည်း ရှိနေပါတယ်။

တိုင်ဖုန်းမုန်တိုင်း ဟာဂျီဘစ်ဟာ ဒီကနေ့ စနေနေ့ ညနေပိုင်းမှာ ဂျပန်အရှေ့ပိုင်းဆီ ဝင်ရောက်မယ် ခန့်မှန်းထားပြီး လေတိုက်နှုန်း တစ်နာရီ ၁၃၄ မိုင်နှုန်းနဲ့ အမြင့်ဆုံးတိုက်ခတ်နိုင်တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ပါတယ်။

မုန်တိုင်း ဝင်ရောက်ဖို့ ခုလို နာရီပိုင်းအလိုမှာ တိုကျိုအရှေ့ပိုင်းက ချီဘာအရပ်မှာ ပထမဆုံး လူတစ်ဦး သေဆုံးပါတယ်။ ချီဘာအရပ်ဟာ ပြီးခဲ့တဲ့လက အားပြင်းတိုင်ဖုန်းမုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ရင်ဆိုင်ခဲ့ရလို့ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေဆဲ အရပ်ပဲ ဖြစ်ပါတယ်။

“တိမ်းမှောက်နေတဲ့ မီနီဘတ်စ်ကားအတွင်းမှာ အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရှာဖွေတွေ့ရှိပါတယ်။ သူ့ကို ဆေးရုံတင်ပို့ခဲ့ပေမယ့် သူဟာ သေဆုံးနေပြီးသား ဖြစ်နေပါတယ်။”လို့ မီးသတ်ဌာန ပြောခွင့်ရသူ ဟီရိုကီယာရှီရိုက ပြောပါတယ်။

မုန်တိုင်းဝင်မယ့် ဧရိယာတွေက ပြည်သူ ၁ ဒသမ ၆၄ သန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အမိန့်ထုတ်ထားပြီး သက်ကြီးရွယ်အို၊ မသန်စွမ်းသူတွေနဲ့ ကလေးငယ်တွေကို ဦးဆုံးရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက တိုက်တွန်းနှိုးဆော်လျက် ရှိနေပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly