ရခိုင်လွှတ်တော်အနေဖြင့် စစ်ရှောင်များကိုထိရောက်စွာ မကူညီနိုင်သေးဟုဆို

ရခိုင်လွှတ်တော်အနေဖြင့် စစ်ရှောင်များကိုထိရောက်စွာ မကူညီနိုင်သေးဟုဆို
Photo - EPA

ရန်ကုန်၊ အောက်တိုဘာ ၁၂။        ။ ရခိုင်ပြည်နယ်လွှတ်တော်အနေဖြင့် စစ်ရှောင်ပြည်သူများ၏အခက်အခဲကို ထိထိရောက်ရောက်ကူညီနိုင်မှုမရှိသေးဘူးဟု ရခိုင်လူမှုအဖွဲ့ အစည်း တစ်ခုဖြစ်သည့်ရခိုင်တိုင်းရင်းသားမျိုးနွယ် များအစည်းအရုံး (REC) ဉက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်လွှတ်တော် ဉက္ကဋ္ဌဦးဆောင်သောအဖွဲ့ ပြီးခဲ့သည့်အောက်တိုဘာလ ၈ ရက်နေ့က မြေပုံမြို့နယ်ရှိ စစ်ရှောင်စခန်းများသို့ သွား ရောက်ခဲ့သည့် ခရီးစဉ်နှင့်ပက်သက်၍ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“သူတို့သွားတယ်ဆိုတာကလည်း ကားလမ်း ဝဲ၊ ယာမှာရှိတဲ့ စခန်းကိုပဲသွားကြတာပါ။ သွားတဲ့အချိန်တိုင်းမှာလဲ အချိန်နဲ့တစ်ပြေး ညီသွား တာမဟုတ်ဘူး။ လေးလ၊ ငါးလ၊ ခြောက်လ ဆိုတဲ့အချိန်ကာလအတွင်းမှာ အခုမှလာပြီးကြည့်တယ်ဆိုတာ ပြည်သူလူထုရဲ့အခက်အခဲကို သူတို့အနေနဲ့ တက်နိုင်သဘောက်ကူညီပေးတယ်ဆိုတဲ့ အနေအထားမျိုးကိုတော့ ရောက်နေတဲ့အနေအထားမရှိဘူး” ဟု ဦးရွှေဘော်စိန်ကဆိုသည်။

ထို့အပြင်လွှတ်တော်အနေဖြင့် အစိုးရကိုထိန်းကျောင်းနိုင်မှုအားနည်းနေပြီး ၎င်းတို့၏ မဲဆန္ဒနယ်များထဲတွင်ရှိနေသည့် စစ်ရှောင်စခန်း များကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများပြုနိုင်ခြင်းလည်းမရှိသေးကြောင်း ၎င်းကပြောသည်။

ရခိုင်ပြည်နယ်လွှတ်တော် ဉက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည် မြေပုံမြို့ရှိ စစ်ရှောင်စခန်း နှစ် ခုသို့သွားရောက်ကာ စိတ်ခွန်အားဖြစ်စေရန်နှင့် လို အပ်သည့် ငွေကြေးထောက်ပံ့မှုများလည်းပြုလုပ်ခဲ့ကြောင်း ခရီးစဉ်တွင်ပါဝင်ခဲ့သည့် လွှတ်တော် ဒုဉက္ကဋ္ဌ  ဦးမြသန်းကဆိုသည်။

“လွှတ်တော်က ကိုယ်တိုင်သွားပြီးလှူဖို့ဆိုတာကတော့ လွှတ်တော်မှာ ရန်ပုံငွေအဲ့လိုမရှိပါဘူး။ နိုင်ငံတော်က ထောက်ပံ့တာတွေက အစိုးရ အဖွဲ့မှာပဲရှိလို့ တိုက်ပွဲရှောင် ဒုက္ခသည်တွေကိုလှူဖို့က သူတို့မှာပဲတာဝန်ရှိပါတယ်။ လွှတ်တော်အနေနဲ့က လှူတဲ့စားနပ်ရိက္ခာ၊ ပိုက်ဆံတွ ရောက် မရောက်ကိုပဲ။ နောက်ပြီးတော့ လှူတဲ့အဖွဲ့တွေကိုပိတ်ပင်နေလို့ရှိရင်လည်း မပိတ်ပင်ဖို့အတွက် ထိန်းကျောင်းပေး တာပဲရှိပါ တယ်။ အဲ့တာတွေကိုတော့ လွှတ်တော်အနေနဲ့တာဝန်ကျေပွန်စွာဆောင်ရွက်နေပါတယ်လို့” ဟု ၎င်းကဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် (၁၁) ကြိမ်မြောက်အစည်းအဝေးတွင်လည်း အစိုးရမှ စစ်ရှောင်များသို့ပေးသည့် လူတစ်ဦး (၃၀၀) ကျပ်နှုန်းကို အပြည့် အဝမရကြသည်ကို စစ်ဆေးတွေ့ရှိသည့်အတွက်အစိုးရအားတိုက်တွန်း ကြောင်းအဆို ကိုတင်သွင်း အောင်မြင်ခဲ့ကြောင်းလည်း ဦးမြသန်း ကပြောသည်။

“ကျွန်တော်တို့လွှတ်တော်အနေနဲ့က အစိုးရကိုထိန်းကျောင်းပေးတာပဲရှိပါတယ်။ ထိန်းညှိပေးတာပဲရှိပါတယ်” ဟု ၎င်းကဆိုသည်။

မည်သို့ပင်ဆိုစေကာမှု လက်ရှိတွင် ရခိုင်ပြည်နယ်တွင် စစ်ရှောင် ခြောက်သောင်းခန့်ရှိနေပြီး အများစုမှာ စားနပ်ရိက္ခာ မလောက်ငမှုများကြုံတွေ့နေရကြောင်းလည်း ရခိုင်လူမှုရေးအဖွဲ့များကပြောသည်။

နေရေးမှာလည်း အဆင်ပြေသလို ရွက်ဖျင်တဲများတွင်နေထိုင်ေနကြရပြီး တပ်မတော်နှင့် ရခိုင့်တပ် (AA) တို့၏တိုက်ပွဲများကြောင့် နေရပ်ပြန်ရေးဆိုသည်မှာလည်း မရေရာသည့်အနေအထားမျိုးဖြစ်သည်။

AA အဖွဲ့၏ ထုတ်ပြန်ချက်အရ ယခု အောက်တိုဘာလဆန်းပိုင်းတွင် တိုက်ပွဲကြီး၊ ငယ်များဆက်တိုက်ဖြစ်ပွားနေပြီး တပ်မတော်ဘက်မှ စစ်အင်အားဖြည့်တင်းမှုများလည်းရှိနေကြောင်းဆိုသည်။

တိုက်ပွဲအများစုမှာ ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်နှင့် ပလက်ဝဒေသတို့တွင်ဖြစ်ပွားနေပြီး အချိန် ၉လခန့်ကြာမြင့် လာသည့် တိုက်ပွဲများအတွင်း အရပ်သား ထိခိုက်သေဆုံးမှုမှာလည်း ၁၀၀ ကျော်လာခဲ့ပြီဖြစ်သည်။

 Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly