ကစားသမားဘဝ သွင်းဂိုး (၇၀၀)ပြည့်ဖို့ နီးစပ်နေပြီဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို

ကစားသမားဘဝ သွင်းဂိုး (၇၀၀)ပြည့်ဖို့ နီးစပ်နေပြီဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို
Photos: EPA

လူဇင်ဘတ်အသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရတဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် တစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် သူ့ရဲ့ကစားသမားဘဝမှာ သွင်းဂိုး (၇၀၀)ပြည့်မြောက်ဖို့ (၁)ဂိုးသာ လိုတော့ပါတယ်။

ရော်နယ်လ်ဒိုဟာ ဒီဂိုးကို ပြိုင်ဘက်ဂိုးသမား အန်သိုနီမောရစ်ကို ကျော်ပြီး လှလှပပသွင်းယူခဲ့တာဖြစ်ပြီး အခုဆိုရင် သူဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် သွင်းဂိုးပေါင်း (၉၄)ဂိုးထိ သွင်းယူးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

သူဟာ ပရိုဖက်ရှင်နယ်ဘောလုံးသမားဘဝမှာ သွင်းဂိုးပေါင်း (၆၉၉)ဂိုးရယူဖို့အတွက် စုစုပေါင်း (၉၇၂)ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပြီး ဂိုးဖန်တီးမှုပေါင်းကလဲ (၂၁၉)ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ရော်နယ်လ်ဒိုဟာ နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ဖြစ်တဲ့ အီရန်ဂန္တဝင်တိုက်စစ်မှူး အလီဒါယီရဲ့ (၁၀၉)ဂိုးကို လိုက်မှီဖို့ (၁၅)ဂိုးသာ လိုအပ်တော့ပါတယ်။

လူဇင်ဘတ်အသင်းနဲ့ပွဲမှာ ပေါ်တူဂီအသင်းအတွက် သွင်းဂိုးတွေကိုတော့ မန်စီးတီးရဲ့ ဘာနာဒို ဆေးလ်ဗားနဲ့ ဗလင်စီယာအသင်းရဲ့ ဂွန်ကာလို ဂွာဲဒက်စ်တို့က ရယူပေးခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ အုပ်စု (B)မှာ တစ်ပွဲလျော့နဲ့ ပထမနေရာက ယူကရိန်းနဲ့ (၅)မှတ် ကွာဟနေပေမယ့် တတိယနေရာက ဆားဗီးယားအသင်းကို (၄)ဖြတ်ကာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ လာမည့် တနင်္လာနေ့မှာ ယူကရိန်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင် သွင်းဂိုး (၇၀၀)သွင်းယူနိုင်တဲ့ (၆)ယောက်မြောက် ကစားသမားဖြစ်လာနိုင်မယ့် အခွင့်အရေးရှိပါလိမ့်မယ်။

ဆာဗီယားအသင်းဟာ လာမယ့်ပွဲစဉ်မှာ လစ်သူယေးနီးယားအသင်းကို ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ပေါ်တူဂီအသင်းအနေနဲ့ ယူကရိန်းကို အနိုင်ရတာနဲ့အတူ ခြေစစ်ပွဲအောင်မြင်နိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly