နယ်မြေ မအေးချမ်းမှုကြောင့် မန္တလေး-မူဆယ် လျှပ်စစ်ရထားလမ်းစီမံကိန်း ဆန်းစစ်မှုများ ကြန့်ကြာနေ

နယ်မြေ မအေးချမ်းမှုကြောင့် မန္တလေး-မူဆယ် လျှပ်စစ်ရထားလမ်းစီမံကိန်း ဆန်းစစ်မှုများ ကြန့်ကြာနေ

မန္တလေး အောက်တိုဘာ ၁၁ ။             ။ မန္တလေး-မူဆယ် လျှပ်စစ်ရထားလမ်းစီမံကိန်း ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ြခင်းဆိုင်ရာများ လုပ်ဆောင်ရာတွင် မူဆယ် သိန္နီ ကွတ်ခိုင်ဘက်တွင် နယ်မြေ မအေးချမ်းမှုကြောင့် ကြန့်ကြာမှုများရှိနေသည်ဟု  ဖြစ်မြောက်နိုင်စွမ်း လေ့လာရေး နှစ်နိုင်ငံပူးတွဲ ကော်မတီ တွဲဖက် အတွင်းရေးမှူး (၁) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (အထက်မြန်မာပြည်) ဒုတိယအထွေထွေမန်နေဂျာ ဦးဌေးလှိုင်က မဇ္ဈိမကိုပြောသည်။

"နယ်မြေ မအေးချမ်းတော့ ပြီးမြောက်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးဌာနနဲ့ပြန်ပြီးေတာ့ ညှိနှိုင်းရမှာဖြစ်ပါတယ်" ဟု ဦးဌေးလှိုင်ကပြောသည်။

အဆိုပါစီမံကိန်းအတွက် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့မှစတင်၍၂၀၁၉ခုနှစ် မေ ၁၀ ရက်နေ့အထိ မြေတိုင်းခြင်းလုပ်ငန်းများနှင့် မြေစမ်းသပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ပတ်ဝန်းကျင် ထိခိုက်မှုဆ န်းစစ်ခြင်း လုပ်ငန်းများကို Ever Green Tech Environmental services and Training Co.,Ltd မှဆောင်ရွက်လျက်ရှိသည်။

သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းကို ၂၆ ကြိမ်ပြုလုပ်သွားရမည် ဖြစ်ပြီး လက်ရှိတွင် ၁၉ ကြိမ် ပြုလုပ်ထားသည်။ထိုသို့ ဆန်းစစ်မှုများ ပြုလုပ်ပြီးပါက သက်ဆိုင်ရာ ဝန်ကြီးဌာနမှတဆင့် နိုင်ငံတော်အစိုးရကို တင်ပြသွားရမည်ဖြစ်သည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်သည့်လုပ်ငန်းကို တာဝန်ယူ လုပ်ကိုင်နေသည့် Ever Green Tech Environmental services and Training Co.,Ltd အနေဖြင့် လာမည့် နိုဝင်ဘာလ အကုန်တွင် ၎င်းတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဟုဆိုသည်။

"ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းအပိုင်းကတော့ ပတ်ဝန်းကျင်အပေါ် ဘာတွေ ထိခိုက်မှုရှိမယ်။ပတ်ဝန်းကျင်အနီးအနားမှာရှိတဲ့ ဒေသခံလူထုတွေ အပေါ်မှာလည်း ဘာတွေထိခိုက်မှုတွေ ရှိမယ်ဆိုတာကို ကျွန်တော်တို့က ဆက်ပြီး  ဆန်းစစ်လေ့လာနေတဲ့ အပိုင်းပါ။ကျွန်တော်တို့ ဆန်းစစ်လေ့လာမှု အပိုင်းနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် ရှေ့လကုန်လောက်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အစီရင်ခံစာတင်နိုင်အောင် ကြိုးစားသွားမှာပါ"ဟုEver Green Tech Environmental services and Training Co.,Ltd မှ  အကြံပေး ဦးကျော်စွာတင့်ကပြောသည်။ သို့ရာတွင် တိုက်ပွဲများ ဖြစ်နေသည့် ဒေသများတွင် ဆန်းစစ်မှုများ မပြုလုပ်နိုင်သေးကြောင်း ကုမ္ပဏီ တာဝန်ရှိသူများက ပြောသည်။

အဆိုပါ စီမံကိန်း လမ်းပိုင်း လျာထားချက်မှာ လမ်းအရှည် ခန့်မှန်း ၂၅၈ မိုင်(၄၁၄ ကီလိုမီတာ)ရှိမည်ဖြစ်ပြီး လမ်းပိုင်းတွင် တံတား ၁၂၄ စင်း၊ ဥမင်လိုဏ် ခန့်မှန်း ၆၀ ၊ ဘူတာပေါင်း ၃၆ ဘူတာရှိမည်ဖြစ်သည်။ ပြေးဆွဲမည့် ရထားလမ်းအမျိုးအစားမှာ လျှပ်စစ်ရထားဖြစ်ပြီး  တစ်နာရီ မိုင် တစ်ရာနှုန်း ခုတ်မောင်းသွားမည်ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly