'Messi10' လို့ နာမည်ပေးထားတဲ့ မက်ဆီရဲ့ ဘဝဇာတ်ကြောင်းကို တက်ဆက်သွားတဲ့ Cirque du Soleil အဖွဲ့

'Messi10' လို့ နာမည်ပေးထားတဲ့ မက်ဆီရဲ့ ဘဝဇာတ်ကြောင်းကို တက်ဆက်သွားတဲ့ Cirque du Soleil အဖွဲ့
Photos: EPA

ကနေဒါအခြေစိုက် နာမည်ကျော်ပြဇာတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Cirque du Soleil (ဆက်ခ် ဒူဆိုလေး) က အာဂျင်တီနားဘောလုံးကစားသမား လီယွန်နယ်မက်ဆီရဲ့ ဘဝဇာတ်ကြောင်းကို ကြာသပတေးနေ့က ဘာစီလိုနာမြို့မှာ ကပြဖျော်ဖြေသွားခဲ့ပါတယ်။

ဒီအစီအစဉ်ကိုတော့ 'Messi10' လို့ နာမည်ပေးထားပြီး ကမ္ဘာကျော်ဘောလုံးသမား မက်ဆီရဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆပ်ကပ်နဲ့ ဘောလုံးကို တွဲပြီး တင်ဆက်သွားခဲ့တာပါ။

ဒီဆပ်ကပ်အဖွဲ့မှာ ကျွမ်းဘားသမားတွေ၊ ကြိုးတန်းလမ်းလျှောက်သူတွေ၊ အလွတ်ကြိုးခုန်တဲ့သူတွေ၊ လူရွှင်တော်စတဲ့ အဖွဲ့ဝင် အယောက် (၅၀)ခန့် ပါဝင်ပြီး ပရိသတ်တွေကို အံ့အားသင့်စေတဲ့ သရုပ်ဆောင်မှုတွေကို တစ်နာရီခွဲကျော် ဖျော်ဖြေတင်ဆက်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီပွဲကို ဘာစီလိုနာမြို့က Parc del Forum မှာ တင်ဆက်ခဲ့ပြီး မက်ဆီနဲ့ သူ့ရဲ့ဇနီးဖြစ်သူ အန်တိုနယ်လာ ရော့ဇ်ကတ်ဇိုအပါအဝင် ဘာစီလိုနာကစားသမားတွေဖြစ်ကြတဲ့ ဆွာရက်ဇ်နဲ့ ဇနီး၊ ဖာတီနဲ့ မိသားစု၊ ဂိုးသမား ပင်တိုနဲ့ သူ့ရဲ့ချစ်သူဖြစ်တဲ့ အာဂျင်တီးနားကြယ်ပွင့်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် ဘာစီလိုနာဥက္ကဌ ဘာတိုမူ၊ ကလပ်အသင်း ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့ လာလီဂါဥက္ကဌ ဟာဗီယာ တီးဘတ်စ်တို့ တက်ရောက်ခဲ့ကြသလို အခြား နာမည်ကြီး ဂျာနယ်လစ်တွေနဲ့ အနုပညာရှင်များစွာလည်း ရှိနေခဲ့ကြပါတယ်။

ဒီဖျော်ဖြေတင်ဆက်တဲ့အတွင်းမှာတော့ မက်ဆီရဲ့ "ဒဿန"နဲ့ တန်ဖိုးတွေဖြစ်တဲ့ "ဘာတွေပဲဖြစ်လာဖြစ်လာ ဘယ်တော့မှ အရှုံးမပေးနဲ့။" "မြန်မြန်ဆန်ဆန် စဉ်းစားပါ။" ပြီးတော့ "ခွန်အားတွေနဲ့ ပြန်ကြိုးစားပါ။"ဆိုတဲ့ စာသားကို ကြီးမားတဲ့ ဖန်သားပြင်ကြီးမှာ ဖော်ပြထားပါတယ်။

ပြပွဲရဲ့ အဆုံးသတ်မှာတော့ မက်ဆီရဲ့ ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားနိုင်ငံအသင်း ဂျာစီအင်္ကျီနှစ်ထည် ပေါ်ထွက်လာပြီး "ကျနော်တို့ တစ်ဦးချင်းစီမှာ မက်ဆီ ၁၀ ဖြစ်တယ်။"ဆိုတဲ့ နောက်ဆုံး မက်ဆော့ချ်နဲ့ ပြီးဆုံးခဲ့ပါတယ်။

၁၉၈၄ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ ဆက်ခ် ဒူဆိုလေးဟာ ကမ္ဘာ့ကျော်ရော့ဇ်ဂီတအဖွဲ့ဖြစ်တဲ့ ဘီတဲလ်နဲ့ မိုက်ကယ်ဂျက်ဆင်တို့ရဲ့ ဘဝဇာတ်ကြောင်းတွေကိုလည်း ပြဇာတ်အနေနဲ့ တင်ဆက်ခဲ့ဖူးပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly