အားကစားလေ့ကျင့်ခန်း လုပ်တာလွန်ကဲရင် ဦးနှောက်ထိခိုက်စေနိုင်

အားကစားလေ့ကျင့်ခန်း လုပ်တာလွန်ကဲရင် ဦးနှောက်ထိခိုက်စေနိုင်

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ကိုယ်လက်လှုပ်ရှားအားကစားလုပ်တယ်ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုံးစုံကျန်းမာရေးအတွက် ကောင်းကျိုးများလွန်းတဲ့အကြောင်း အမြဲပြောခဲ့ကြပါတယ်။ ဒါပေမယ့် လွန်ကဲရင် ဘယ်အရာမှမကောင်းပါဘူး။ ခွန်အားနဲ့ ခံနိုင်ရည်၊ ကြံံ့ခိုင်မှု တို့က လူတစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ ကိုယ့်ခန္ဓာကိုယ်က တတ်နိုင်တာထက် လွန်ကဲသွားတဲ့အထိ လေ့ကျင့်ခန်းတွေ အကြမ်းလုပ်မယ်ဆိုရင် ကြွက်သားတွေကို အားကုန်စေတဲ့အပြင် ဦးနှောက်ကိုပါထိခိုက်နိုင်တယ်လို့ သုတေသနအသစ်က ဖော်ပြလိုက်ပါတယ်။

လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းက လူတွေရဲ့ဆုံးဖြတ်နိုင်စွမ်းကိုကျဆင်းစေနိုင်တယ်လို့ သုတေသီတွေက ကောက်ချက်ချခဲ့ပါတယ်။

“ Overtraining syndrome” လို့ခေါ်တဲ့ ဒီအခြေအနေဟာ လှုပ်ရှားနေတဲ့ ခန္ဓာကိုယ်တခြားအစိတ်အပိုင်းတွေတင်မကဘဲ ဦးနှောက်ကိုပါထိခိုက်စေနိုင်တယ်လို့ ပြင်သစ်နိုင်ငံ Hôpital de la Pitié-Salpêtrière မှသုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

ဒါဟာ အားကစားသမားတွေရဲ့ ခံနိုင်ရည်အားကောင်းစေဖို့လေ့ကျင့်မှုအတွင်း အင်အားကုန်ဆုံးတဲ့ပုံစံတစ်မျိုးပါပဲ။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လွန်ကဲခြင်းရဲ့ရလဒ်ဖြစ်ပါတယ်။

သုတေသနမှာ ခံနိုင်ရည်လေ့ကျင့်မှုပါဝင်နေတဲ့ အသက် ၃၅ နှစ်ဝန်းကျင် အားကစားသမား ၃၇ ဦးကို လေ့လာခဲ့ပါတယ်။ သူတို့ထဲမှာ တချို့ကို ပုံမှန်လေ့ကျင့်ခန်းကိုဆက်လုပ်စေပြီး တချို့ကိုတော့၊ ၃ ပတ်အတွင်း တစ်ကြိမ်ကို ၄၀ ရာခိုင်နှုန်း တိုးလုပ်စေပါတယ်။

အားကစားသမားတွေကို ကျန်ရှိတဲ့ရက်တွေမှာ စက်ဘီးစီးလေ့ကျင့်ခန်းတွေမှာပါဝင်စေခဲ့ပြီး သူတို့ရဲ့မောပန်းအားကုန်မှုအခြေအနေတွေကို မေးခွန်းစုဖြေကြားစေတာ၊ အပြုအမူပိုင်းစမ်းသပ်စစ်ဆေးမှုနဲ့ သူတို့ရဲ့ဦးနှောက်လုပ်ဆောင်နိုင်စွမ်းကိုဆန်းစစ်ဖို့ MRI စကင်န်တွေသုံးပြီး သုတေသီတွေက လေ့လာခဲ့ပါတယ်။

Current Biology ဂျာနယ်မှာဖော်ပြခဲ့တဲ့သုတေသနအရ လှုပ်ရှားမှုလေ့ကျင့်ခန်းလွန်ကဲခြင်းက လူကို ပိုပြီးအားကုန်ခမ်းစေပြီး ပြုမူပုံတွေပါ ပြောင်းလဲလာစေတယ်လို့ဆိုပါတယ်။

MRI စစ်ဆေးမှုတွေအရ လေ့ကျင့်ခန်းလွန်ကဲတဲ့အားကစားသမားတွေဟာ lateral prefrontal cortex ဦးနှောက်အပိုင်းနိုးကြားမှုကိုပျက်ယွင်းစေတာတွေ့ရပါတယ်။ ဦးနှောက်ရဲ့ဒီအပိုင်းဟာ တွေးခေါ်ဆင်ခြင်နိုင်စွမ်းထိန်းချုပ်မှုနဲ့ဆိုင်တာကြောင့် ဆုံးဖြတ်ချက်ချခြင်း၊ အစီအစဉ်ဆွဲခြင်း၊ အပြုအမူအလေ့အကျင့်ရယူခြင်း၊ တက်ကြွတဲ့လုပ်ဆောင်မှုတွေ အပေါ် လွှမ်းမိုးသက်ရောက်စေတာဖြစ်ပါတယ်။

လှုပ်ရှားမှုလွန်ကဲဝန်ပိခြင်းကို အရင်ကခံစားဖူးတဲ့ အားကစားသမားတွေဟာ ဆုံးဖြတ်ချက်နဲ့ပတ်သက်ရင် စိတ်လိုက်မာန်ပါပြုမူတာပိုများလေ့ရှိတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

ဒီသုတေသနဟာ ကိုယ်လက်လှုပ်ရှားမှုကနေ ဦးနှောက်ပင်ပန်းနွမ်းနယ်ခြင်းအထိ ဖြစ်လာစေနိုင်တာကို ဖော်ပြခဲ့တဲ့ ပထမဆုံးသုတေသနလည်း ဖြစ်ပါတယ်။

ဒါပေမယ့် လေ့လာမှုပါဝင်သူလူဦးရေနည်းတဲ့အတွက် တွေ့ရှိချက်ကို ပိုပြီးခိုင်မာအောင် သုတေသီတွေအနေနဲ့ပိုကျယ်ပြန့်တဲ့လေ့လာမှုလုပ်ဆောင်ဖို့လိုအပ်ဦးမှာဖြစ်ပါတယ်။ 

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly