စစ်ပွဲများကြောင့် တအာင်းပြည်သူများ ဘဝလုံခြံုမှုမရှိ ခါးစည်းခံနေရဆဲ

စစ်ပွဲများကြောင့် တအာင်းပြည်သူများ ဘဝလုံခြံုမှုမရှိ ခါးစည်းခံနေရဆဲ

အောက်တိုဘာလ ၁၆ ရက်၊ ချင်းမိုင်(မဇ္ဈိမ) ။        ။ တအာင်းပြည်သူများအကြား နှစ်ပေါင်းများစွာ ရင်ဆိုင်လာရသည့် မူးယစ်ဆေးဝါးပြဿနာများနှင့် လူ့အခွင့်အရေးချိုး ဖောက်ခံနေရမှုများ ယနေ့တိုင် ခံစားနေကြရဆဲဖြစ်သည်ဟု ပလောင် (တအာင်း) အမျိုးသမီးအစည်းအရုံး PWO က ထုတ်ဖော်ပြောဆိုသည်။

အထူးသဖြင့် ရွာသားများ သတ်ဖြတ်ခံရမှု၊ မတရားဖမ်းဆီးခံရမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အမျိုးသမီးများနှင့် ကလေးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူကုန်ကူးမှုများနှင့် အိမ်တွင်းအကြမ်းဖက်မှုများမှာ ပိုမိုးများပြားလာနေသည်ဟု PWO က ထုတ်ပြန်ထားသည်။

“အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကနေ ပယ်ပျောက်သွားတာ မရှိသေးဘူး။ ကလေးတွေ ရောင်းစားခံရတာတွေ လျော့သွားတာမရှိဘူး။ ပြီးတော့ကျမဒေသဘက်မှာ စစ်ပွဲကြောင့် အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ ခုထိရှိနေတုန်းဘဲ၊ လျော့လည်းမလျော့သွားဘူး။” PWO မှ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) လိုည်းမိုးခမ်းက ပြောသည်။

ထို့ပြင် စစ်ပွဲများကြောင့် တအာင်းပြည်သူများ၏ ဘဝလုံခြုံမှုမရှိသည့်ဒဏ်ကိုလည်း ခါးစည်းခံနေရသဖြင့် အစိုးရနှင့် PSLF/TNLA တို့အကြား အပစ်အခတ်ရပ်စဲရန် PWO က လိုလားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အချို့သောလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးသော်လည်း ပလောင်ဒေသ အပါအဝင် ကျန်ရှိသေးသည့် တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်နေခြင်း အားဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ဟုဆိုသည်။

ငြိမ်းချမ်းရေးလိုလားပါက ထိုးစစ်များနှင့် တိုင်းရင်းသားဒေသများရှိ စစ်အင်အားတိုးချဲ့နေခြင်းကို ရပ်တန့်သင့်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) တွင် အားလုံး ပါဝင်လက်မှတ်ရေး ထိုးနိုင်ရန် ကြိုးပမ်းသင့်သည်ဟု တအာင်းအမျိုးသမီးအစည်းအရုံး PWO က ယုံကြည်ကြောင်း အောက်တိုဘာ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ပလောင် (တအာင်း) အမျိုးသမီးအစည်းအရုံး PWO ကို ၂၀၀၀ ခုနှစ် အောက်တိုဘာလ ၁၄ ရက်တွင် အမျိုးသမီးများ၏ ဘဝ ဖွံ့ဖြိုး တိုးတက်ရေး၊ ဆုံးဖြတ်ချက်ချသည့်နေရာတွင် အမျိုးသမီးများ ပိုမိုပါဝင် လာရေးနှင့် အမျိုးသမီးများအကြမ်းဖက်ခံရမှုများကို တိုက်ဖျက်ရေးတို့အတွက် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့သက်တမ်း ၁၅ နှစ်ပြည့်ခဲ့ပြီဟု လိုည်းမိုးခမ်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags