အသွင်ပြောင်း၊ အရသာပြောင်း Tree Food ထန်းလျက် လာပြီ

အသွင်ပြောင်း၊ အရသာပြောင်း Tree Food ထန်းလျက် လာပြီ

ထမင်းစားလို့ပြီးရင်တော့ ထန်းလျက်ခဲ တစ်ခဲလောက်ကို တောင်းတ တတ်ကြပါတယ်၊ ထန်းပင်ကရတဲ့ ထန်းရည်ကို မီးပြင်းပြင်းနဲ့ ချိုချက်ထားတဲ့ ထန်းလျက်ဟာ အရသာ ချိုချိုပြင်းပြင်းရှိပါတယ်။ အခုတော့ ဒီထန်းလျက်တွေကိုပုံစံနဲ့ အရသာ ပြောင်းလဲပြီး ထုတ်လုပ်နေပါပြီ။

ပြည်တွင်း စားသုံးမှုအပြင် နိုင်ငံခြားကနေ လာရောက် လည်ပတ်သူတွေအတွက်ပါ ရည်ရွယ် ထုတ်လုပ်ထားတဲ့ ဒီထန်းလျက်ခဲတွေကိုတော့ ထုတ်လုပ်သူက Tree Food လို့ခေါ်ပါတယ်။ သဘာဝ အရသာစစ်စစ် မြန်မာ့ထန်းလျက်ခဲရဲ့ ချိုအီတဲ့ အရသာကို တစ်ခြားအရသာတွေနဲ့ ပေါင်းစပ်ထုတ်လုပ် သူကတော့ မချိုလဲ့ရည် ဖြစ်ပါတယ်။

“သစ်ပင်ဆိုတဲ့ အရာကလည်း သယံဇာတပဲ သစ်ပင်ကနေ ထွက်တဲ့ အစားအသောက်က အမှန်တော့ သူ့မှာ Value တွေ အများကြီးရှိတယ် တန်ဖိုးတွေ အများကြီး ရှိတယ်။ အဲဒီ့အချိန်မှာ အစ်မက ထန်းလျက်ဆိုတဲ့ အရာကို စဉ်းစားမိတယ်” လို့ သူက ပြောပါတယ်။

ထန်းပင် တစ်ပင်ကနေ သဘာဝအတိုင်း ရလာတဲ့ ထန်းရည်ကို ကျိုချက် ပြီးမှ ရလာတဲ့ ထန်းလျက်ခဲကို ဆန်းသစ်တီထွင်ဖို့ စဉ်းစားတွေးတော မိစရာဖြစ်လာတယ်လို့ ဒီတန်ဘိုးမြင့် ထန်းညက်ထွက်ကုန် တွေထုတ်လုပ်တဲ့ မချိုလဲ့ရည်ကပြောပါတယ်။

“ဈေးကွက်ထဲမှာရှိတဲ့ ထန်းလျက်တွေရဲ့ အရသာကို အစ်မ မကြိုက်ဘူး။ ကြမ်းတယ် မာတယ် ပြီးတော့ အရမ်းချိုတယ်။ အရမ်းချိုတဲ့ အရသာကို ဘာများ ပြုပြင်နိုင်မလဲ အမြဲစဉ်းစားတယ်ပေါ့နော်” လို့ မချိုလဲ့ရည်က ပြောပါတယ်။ နောက်ဆုံးဖြစ်လာတဲ့ အသွင်ပြောင်း၊ အရသာပြောင်း Tree Food ထန်းလျက်ခဲတွေကို ဖန်ပုလင်းထဲထည့်ပြီး ထန်းရွက်အမျှင်တွေနဲ့ ထုတ်ပိုးကာ ဈေးကွက်ကို ရောင်းချတော့မှာပါ။

“Tree food ဆိုပြီး နာမည်ပေးလိုက်တာပေါ့နော်။ အဲဒီ ထန်းရွက်လေးနဲ့ပဲ ပတ်ထား လိုက်တယ်ပေါ့ ဒီတစ်ခုလုံးက အစ်မ အိုင်ဒီယာနဲ့ အစ်မ လုပ်ထားတဲ့ ဟာတွေ” လို့ဆိုပါတယ်။ အရသာ အနေနဲ့ကတော့ လီမွန်၊ ပူရှိန်း၊ Green Tea နဲ့ အော်ရီဂျင်နယ်ဆိုပြီး အရသာမျိုးစုံကို ထုတ်လုပ် ထားပါတယ်။ 

တစ်ဘက်မှာလည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံခြား တိုင်းပြည်တွေကနေ သွင်းကုန် အဓိကထားနေရတဲ့ မြန်မာနိုင်ငံရဲ့ စားသောက်ကုန် ဈေးကွက်ထဲမှာ ပြည်တွင်း အစားအစာတွေကို အခြေခံပြီး တန်ဘိုးမြင့် ထုတ်ကုန်အဖြစ် တီထွင် ထုတ်လုပ်လာတဲ့ ဒီ Tree Food ထန်းလျက်ခဲတွေက နိုင်ငံတကာ ဈေးကွက် တွေမှာ အောင်မြင်မှုရလာနိုင်မလားဆိုတာ စိတ်ဝင်းစားစရာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly