ရိုမေးနီးယား သူတော်စင်ဘုရားဖူးပွဲတော်တွင် နတ်ဆိုးဝင်ပူးသည်ဟု ယူဆရသည့်အမျိုးသမီး အော်ဟစ်သောင်းကျန်း

ရိုမေးနီးယား သူတော်စင်ဘုရားဖူးပွဲတော်တွင် နတ်ဆိုးဝင်ပူးသည်ဟု ယူဆရသည့်အမျိုးသမီး အော်ဟစ်သောင်းကျန်း

အိုင်အာစီကောင့်တီ၊ ရိုမေးနီးယား၊ အောက်တိုဘာ - ၁၆ ။         ။ ရိုမေးနီးယားနိုင်ငံတွင် အရေးအကြီးဆုံး နှစ်စဉ်ဘုရားဖူးပွဲတော်တစ်ခုဖြစ်သည့် သူတော်စင် စိန့်ပရာစကီဗာကို ဖူးတွေ့ရန် အနိုင်နိုင်ငံမှ ဘုရားဖူးများ တန်းစီစောင့်နေကြစဉ်အတွင်း အမျိုးသမီးတစ်ယောက်မှာ ရုတ်တရက်အော်ဟစ်ပြီး ယေကျ်ားသားကြီးပမာ အင်အားပြသောင်းကျန်းလာရာ နတ်ဆိုးပြုစားသည့်ဟု ယူဆရသောကြောင့် ဘုန်းတော်ကြီးတစ်ပါးက ဘာသာရေးထုံးဓလေ့အတိုင်း နတ်ဆိုးကို မောင်းထုတ်ခဲ့ရသည်ဟု အင်တာနက်သတင်းတစ်ရပ်အရ သိရှိရသည်။ ဗွီဒီယိုတွင်မူ တုန်လှုပ်ခြောက်ချားဖွယ် ဟိန်းဟောက်မာန်ဖီနေ သည့် အမျိုးသမီးကို တွေ့မြင်ကြရသည်ဟု ဆိုသည်။

လူထုပရိသတ် ၂၀၀၀၀၀ကျော်ခန့်မှာ ၆ရက်တာ ဘုရားပွဲကာလတွင် စိန့်ပရာစကီဗာ၏ ကြွင်းရစ်သော ရုပ်ကလာပ်ကို ထိတွေ့နိုင်ရန်အတွက် ရိုမေးနီးယားအနောက်မြောက်ပိုင်း အိုင်အာစီကောင့်တီ နယ်မြေအတွင်းရှိ မက်ထရိုပိုလီတန်ဘုရားကျောင်းသို့ တစ်သုတ်ပြီးတစ်သုတ် သွားရောက်ခဲ့ကြသည်။ အောက်တိုဘာ ၁၄ရက်နေ့တွင် သူတော်စင်ကြီးက အံ့ဖွယ်တန်ခိုးထူးများ ပြသနိုင်သည်ဟုလည်း အယူရှိကြသည်။

လူတန်းကြီးမှာ တစ်မိုင်ကျော်ရှည်လျားရာ လူပေါင်းများစွာမှာ သူတော်စင်၏ ရုပ်ကြွင်းကို ထိတွေ့နိုင်ရန်အတွက် ၁၅နာရီကျော်ကြာအောင် တန်းစီစောင့်ဆိုင်းရသည်များပင်ရှိသည်ဟု ဆိုသည်။

အံ့ဖွယ်တန်ခိုးထူး၏ အဝန်းအတွင်းသို့ ရောက်ရှိလိုကြသည့် လူအုပ်များထဲတွင် ဆွေမျိုးတစ်ယောက် နတ်ဆိုးပူးကပ်ခံနေရပြီး သူတော်စင်ရုပ်ကြွင်း၏ မြင့်မြတ်သော တန်ခိုးတော်က ဖြေလွှတ်ပေး ရန် မျှော်လင့်နေသည့် မိသားစုတစ်စုလည်း ပါဝင်သည်။

လိုင်းတင်လာသည့် ဗွီဒီယိုပုံရိပ်တွင်မူ တိုးဝှေ့ချဉ်းကပ်လာသည့် အမျိုးသမီးက သူတော်စင်၏ ရုပ်ကလာပ်ကိန်းဝပ်ရာ မှန်ခေါင်းတလားကို ထိကိုင်လိုက်သည်နှင့် ရုတ်တရက်အော်ဟစ်ကာ ဟိန်းဟောက်မာန်ဖီလာသည့်ပုံများကို မြင်တွေ့ကြရသည်။

ဘုန်းတော်ကြီးတစ်ပါးက နတ်ဆိုးကို ကူညီမောင်းထုတ်ရန် ထုံးတမ်းအခမ်းအနားတစ်ခုကို အရေးပေါ် ကျင်းပနေစဉ် လူ သုံးလေးယောက်က သောင်းကျန်းနေသည့် အမျိုးသမီးကို ချုပ်ထားကြရသည်ဟု ဆိုသည်။

ပါဝင်ပတ်သက်နေသူများကို မည်သူမည်ဝါ မခွဲခြားနိုင်ခဲ့သလို ဖြစ်ရပ်နှင့် ပတ်သက်၍ မည်သူကမျှ သတင်းထုတ်ပြန်ခြင်းလည်း မရှိခဲ့ပေ။ ဗွီဒီယိုကို အခြားအုပ်စုတစ်စုမှ ရိုက်ယူကာ လိုင်းတင်လာခဲ့ခြင်း ပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly