ဘင်္ဂါလီမွတ်စလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အရေးတယူဖြေရှင်းရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂျပန်ဝန်ကြီးချုပ် တိုက်တွန်း

By NHK
10 October 2019
ဘင်္ဂါလီမွတ်စလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အရေးတယူဖြေရှင်းရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂျပန်ဝန်ကြီးချုပ် တိုက်တွန်း

ဘင်္ဂါလီမွတ်စလင်တွေ (မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) အပေါ် လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အရေးတယူ ဖြေရှင်းဖို့ မြန်မာတပ်မတော် အကြီးအကဲအား ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တိုက်တွန်းပြောဆိုပါတယ်။

၂၀၁၇ ခုနှစ်က ဘင်္ဂါလီစစ်သွေးကြွတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြီးစား စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ဘင်္ဂါလီ ခုနစ်သိန်းနီးပါး တိမ်းရှောင်ထွက်ပြေးကြပါတယ်။

တိုကျိုမှာ ဗုဒ္ဓဟူးနေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရှင်ဇိုအာဘေးတို့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ အခြေအနေတွေကို တိုးတက်ကောင်းမွန်လာစေလိမ့်မယ်လို့ ဂျပန်နိုင်ငံက မျှော်လင့်ကြောင်း အာဘေးက ပြောပါတယ်။ ဒါအပြင် လူနည်းစုတွေအပေါ် စစ်ရေးဆောင်ရွက်မှုတွေကို တန့်ရပ်ထားတဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အာဘေးက အသိအမှတ်ပြု ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည်ပြောဆိုရာမှာ တပ်မတော်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ ဒုက္ခသည်များ စောလျင်စွာ နေရပ်ပြန်လာရေးကို ဆောင်ရွက်လျက် ရှိနေတယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာအစိုးရနဲ့ စစ်တပ်အနေနဲ့ မြန်မြန်ဆန်ဆန် အရေးတယူဆောင်ရွက်ရန် အာဘေးက ပြောပြီး ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ စဦးဆောင်ရွက် လုပ်ဆောင်ရန် ပြောဆိုတိုက်တွန်းပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင့်တော်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ သဘောတူပြောကြားခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly