ဂျာမနီက ဂျူးဘုရားကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး နှစ် ဦး သေဆုံး

ဂျာမနီက ဂျူးဘုရားကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး နှစ် ဦး သေဆုံး

အောက်တိုဘာ ၁၀ ။           ။ ဂျာမနီနိုင်ငံ အရှေ့ပိုင်းက ရဟူဒီ ဘုရားရှိခိုးကျောင်းတစ်ခုမှာ အောက်တိုဘာ ၉ ရက်က သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။

ယင်း ဖြစ်စဉ်မှာ အဆိုပါ ရဟူဒီ ဘုရားကျောင်းထဲ ဂျူးဘာသာဝင်တို့ရဲ့ အားလပ်ရက် အခမ်းအနားတစ်ခုကို ကျင်းပနေစဉ် သေနတ်သမားက ဘုရားကျောင်းထဲ ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ပြီးနောက် ခုလို ပစ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ သံသယရှိ သေနတ်သမားက အဖမ်းမခံရခင်မှာ ယင်း တိုက်ခိုက်မှုကို အွန်လိုင်း ဗီဒီယိုဂိမ်း ပလက်ဖောင်းတစ်ခုမှာ live stream လွှင့်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

ယခုအချိန်မှာ ဖျက်လိုက်ပြီဖြစ်တဲ့ ယင်းဗီဒီယိုထဲမှာတော့ သေနတ်သမားဟာ ကင်မရာဘက်လှည့်ပြီး ဂျူး ဆန့်ကျင်ရေး စကားတွေ ပြောဆိုကာ Halle မြို့က ဂျူး ဘုရားကျောင်းထဲ ဝင်ဖို့ ကြိုးပမ်းခဲ့ပြီး သေနတ်နဲ့ ပစ်ခဲ့ပါတယ်။

ယင်းနောက် အထဲကို ဝင်လို့ မရတဲ့အခါ အနီးအနားမှာ ရှိတဲ့ လူနှစ်ယောက်ကို ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါသံသယရှိ သေနတ်သမားကတော့ အသက် ၂၇ နှစ်အရွယ် ဂျာမန် နိုင်ငံသားတစ်ဦးဖြစ်ပြီး တစ်ကိုယ်တည်း ကျူးလွန်သွားခဲ့တာဖြစ်ကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။

ကနဦး စစ်ဆေးမှုအရ ၎င်း သေနတ်သမားထံမှာ အစွန်းရောက် ရည်ရွယ်ချက်တစ်ခု ရှိနေခဲ့တာကို တွေ့ခဲ့ရကြောင်း ဂျာမန် ပြည်ထဲရေး ဝန်ကြီး ဟော့စ်တ် ဆီးဟိုဖာက ပြောသွားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly