အဂတိမှုဖြင့် အမှုဖွင့်ခံရသော ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ညွှန်ချုပ်နှင့် ညွှန်မှူးအား ရုံးတင်

အဂတိမှုဖြင့် အမှုဖွင့်ခံရသော ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ညွှန်ချုပ်နှင့် ညွှန်မှူးအား ရုံးတင်

မန္တလေး၊ အောက်တိုဘာ ၉ ။          ။ အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံထားရသည့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ညွှန်ချုပ်နှင့် ညွှန်မှူးအား အောက်တိုဘာလ ၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် သို့ တရားရုံး စွဲတင်ခဲ့သည် ။

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး နှင့် ညွှန်ကြား ရေးမှူး ဦးမင်းခိုင်တို့အား လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရာထူးအာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုများရှိကြောင်း ပေါ်ပေါက်သည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

တရားရုံးစွဲတင်ရာတွင် ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးအား အမှုအမှတ် ၁၀/၂၀၁၉၊ ၁၁/၂၀၁၉ တို့ဖြင့် လည်းကောင်း ၊ ညွှန်ကြားရေးမှူး ဦးမင်းခိုင်အား အမှုအမှတ် ၁၂/၂၀၁၉၊ ၁၃/၂၀၁၉၊ ၁၄/၂၀၁၉ တို့ဖြင့်လည်းကောင်း တရားရုံးစွဲတင်ခဲ့ခြင်းဖြစ်သည်။

"နောက်ရုံးချိန်းမှ စစ်မယ် ။ ဒီကနေ့တော့ ရုံးတင်တယ်။ ရှေ့နေပါဝါတင်တယ်။"ဟု ညွှန်ကြားရေးမှူး ဦးမင်းခိုင်၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးထွန်းကြည်က ပြောသည်။

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးသည် အထက် ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ The Design and Construction of the Underground Works လုပ်ငန်းများအတွက် တင်ဒါအောင်မြင်ခဲ့သည့် လုပ်ငန်း (၅)ပိုင်းအနက် အပိုင်း(၃)၊ Power House, Open Cut Work, Upper Part (EL 485-385m) Excavation လုပ်ငန်းပြီးစီးမှုအပေါ်ကုမ္ပဏီမှ လုပ်ငန်းပြီးစီးကြောင်း လက်မှတ် (Taking Over Certificate) ထုတ်ပေးရန် တောင်းခံခဲ့၍ ဌာနမှ TOC ထုတ်ပေးခဲ့သော်လည်း စာချုပ်ပါ စည်းကမ်းချက်များအရ နောက်ကျဒဏ်ကြေး (Delay Damages) တန်ဖိုး Euro(225,930.69) အား တောင်းခံရန် ပျက်ကွက်ခဲ့သဖြင့် နိုင်ငံတော်၏ငွေကြေး ထိခိုက် နစ်နာဆုံးရှုံးမှုများ ဖြစ်စေခဲ့ကြောင်းနှင့် အမှတ်(၂) တည်ဆောက်ရေး၊ ရွှေလီ(၃) ရေအားလျှပ်စစ် စီမံကိန်းတွင်တင်ဒါအောင်မြင်ခဲ့သည့် လုပ်ငန်း(၂)ခုကို ဆောင်ရွက်ရာ၌ ကုမ္ပဏီမှ အလုပ်သမားများ အားသုံးစွဲမှုမရှိဘဲ ဌာန၏လုပ်ငန်းခွင်ရှိ ပုတ်ပြတ်နေ့စား အလုပ်သမား ဝန်ထမ်းများအား သုံးစွဲခွင့်ပြုခ အဖြစ် သီးခြားငွေတောင်းခံသဖြင့် ကုမ္ပဏီမှ ငွေကျပ် (၇၁၅)သိန်း ငွေလွှဲပေးပို့သည်ကို လက်ခံရယူ ခဲ့ခြင်းဖြင့် အဂတိလိုက်စားမှုကျူးလွန်ခြင်းြဖစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် က ထုတ်ပြန်ထားသည်။

ထို့အပြင် ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမင်းခိုင်သည် ၎င်းစီမံခန့်ခွဲပိုင်ခွင့်ရှိသော ရေအား လျှပ်စစ်ဒီဇိုင်းများနှင့်စပ်လျဉ်း၍ မူလကမ်းလှမ်းသော စျေးနှုန်းထက်ပိုမိုသည့် တန်ဖိုးဖြင့် စာချုပ်ချုပ်ဆို နိုင်ရန် ဆောင်ရွက်ခအဖြစ်လည်းကောင်း၊ လျှပ်စစ်စီမံကိန်းအတွက် FSR လုပ်ငန်းစဉ် မြန်ဆန်ရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက်လည်းကောင်း၊ နိုင်ငံခြားခရီးစဉ်အတွက် ခရီးစရိတ်ငွေအဖြစ် လည်းကောင်း ကုမ္ပဏီလီမိတက်များထံမှ စုစုပေါင်းငွေကျပ် သိန်း (၃၁၀)ကို တောင်းခံရယူခဲ့ခြင်း တို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး နှင့် ညွှန်ကြားရေးမှူး ဦးမင်းခိုင်တို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မ ရဲစခန်း၊ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်း နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ် မြို့မရဲစခန်း တို့တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required