မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံခဲ့ရသော အဆိုတော် ဖြိုးပြည့်စုံအပါအဝင် သုံးဦး ပြန်လည်လွှတ်မြောက်

By လာဘ်ရတနာဗိုလ်
09 October 2019
မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံခဲ့ရသော အဆိုတော် ဖြိုးပြည့်စုံအပါအဝင် သုံးဦး ပြန်လည်လွှတ်မြောက်
ဓာတ်ပုံ - Phyo Pyae Sone

ရန်ကုန် ၊ အောက်တိုဘာ ၉ ။         ။ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံခဲ့ရသော အဆိုတော် ဖြိုးပြည့်စုံအပါအဝင် သုံးဦးကို အောက်တိုဘာလ ၉ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း  ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက မဇ္စျိမသို့ ပြောသည်။

လူငယ်တေးသံရှင် ဖြိုးပြည့်စုံနှင့် တေးရေး ငြိမ်းချမ်း၊ တေးရေး ရော်နီစန်းလွင်တို့သုံးဦးကို အောက်တို ဘာ ၇ရက်ညနေပိုင်းက ရန်ကုန်မြို့၊ မြန်မာပလာဇာတွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၅နာရီ ၃၀ အချိန်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၄၀)ရန်ကုန် (မြောက်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဗဟန်းမြို့နယ်၊ ဆရာစံ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာရှိ ---- ကော်ဖီဆိုင်သို့ရောက်ရှိလာသော သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (၂၉)ရပ်ကွက်တွင်နေထိုင်သော ဖြိုးပြည့်စုံ ၃၂ နှစ်၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်၊ ဇလွန်လမ်း တွင် နေထိုင်သော ငြိမ်းချမ်းကို ၂၄ နှစ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၃၄)ရပ်ကွက်တွင် နေ ထိုင်သော ရော်နီစန်းလွင် ၃၂ နှစ်တို့အား ၎င်းတို့စီးနင်းမောင်းနှင်လာသည့် မော်တော်ယာဉ်နှင့်အတူ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင်၍ စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းထိုင်ခုံပေါ်ရှိ ကျောပိုးအိတ် အတွင်းမှ ပလတ်စတစ်ဘူးဖြင့် ထည့်ထားသည့် ကတ်တမင်းဆေးပြား ၁၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေ ၁၂၀၀၀ ကျပ်)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အားတွေ့ရှိ သိမ်းဆည်းရမိ ခဲ့ခြင်းဖြစ်သည်။

အဆိုတော်ဖြိုးပြည့်စုံက အဆိုပါဆေးပြားများကို ထိုင်းနိုင်ငံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ပြီး ထိုသို့ တွေ့ရှိခဲ့သည့် ဆေးပြား၁၀ပြားအား မူးယစ်ဆေးဝါးဖြစ်၊ မဖြစ် အခြေအနေကို ဓာတုဗေဒဝန်ရုံး CEရုံးသို့ ဆက်သွယ်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးမဟုတ်ခြင်း၊ ဥပဒေမှ တရားစွဲဆို ရန် မသင့်ကြောင်း အကြံပြုခြင်းတို့ကြောင့် အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင်အချုပ်မှ ပြန်လွှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"ကျနော် ၊ ရော်နီ နဲ့ ငြိမ်းချမ်းကိုတို့ရဲ့ မှန်ကန်မှုကို ယုံကြည်ပေးတဲ့ အယောက်ချင်းစီကို ကျေးဇူးအထူးတင်ပါတယ်။ မကြာခင်မှာ media conference လေးတခု လုပ်နိုင်ဖို့ ကျနော် စီစဉ်ပါ့မယ်"ဟု  ဖြိုးပြည့်စုံက သူ့၏လူမှုကွန်ရက်တွင် အောက်တိုဘာလ ၉ရက် ညနေပိုင်းက ရေးသားထားသည်။

အချုပ်မှ လွှတ်မြောက်လာခြင်းအတွက် အဆိုတော်ဖြိုးပြည့်စုံထံ မဇ္စျိမမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ရန် ကြိုးစားခဲ့သော်လည်း ဖုန်ခေါ်ဆိုခွင့် မရရှိခဲ့ပေ။

အဆိုပါအမှုအတွက် ဗဟန်းမြို့မ ရဲစခန်းမှ မူးယစ်(ပ) ၄၄/၂၀၁၉ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၁၉(က)/၂၁ဖြင့် အမှုဖွင့်လှစ်ထားပြီး စစ်ဆေးကာ အောက်တိုဘာလ ၉ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly