တိုင်းအစိုးရ၏ မြေရောင်းချပေးနေမှုအပေါ် ပြည်သူများဝေဖန်

တိုင်းအစိုးရ၏ မြေရောင်းချပေးနေမှုအပေါ် ပြည်သူများဝေဖန်

ရန်ကုန်၊ အောက်တိုဘာ ၉ ။       ။ ရန်ကုန်တိုင်းအစိုးရမှ လူနေထိုင်ရန်နှင့်စက်မှုလုပ်ငန်းများအတွက် မြေနေရာများကို ရောင်းချပေးသည့် စနစ်အပေါ်လာရောက်စောင့်ဆိုင်း လျောက်လွှာဝယ်ယူနေကြသည့် ပြည်သူများမှ ဝေဖန်နေကြသည်။

“ ပြည်သူအနေနဲ့ပြောရမယ်ဆိုရင် ကျွန်မက မနက်သုံးနာရီကတည်းက လာတန်းစီနေတာရှင့်။ တိုင်း ဒေသကြီး အစိုးရက ပွင့်လင်းမြင်သာမရှိဘူး။ သူတို့ပေးမယ့်အကွက်တွေလည်း သေသေချာချာ မပြောထားဘူး။ ကျွန်မတို့က သက်သာမယ်ထင်လို့ လာတန်းစီတာ။ ဒါပေမယ့်ဘာမှမထူးခြားသေးဘူး။ တုံကင်လည်းမရသေးဘူး။ ဒီမှာလာစောင့်တာ ၃ ရက်ရှိသွားပြီ၊ နောက်ပြီး ဖောင်ဆိုတာလည်း ဘာမှန်း မသိသေးပါဘူး” ဟု တောင်ဉက္ကလာပမြို့နယ်တွင် နေထိုင်သော မစန်းသီတာကပြောသည်။

အချိန်ကြာမြင့်စွာစောင့်ဆိုင်းတန်းစီရခြင်း၊ နေရာပွဲစားများပေါ်လာခြင်းတို့အပြင် လျောက်လွှာဝယ်ယူ ခွင့်ပြုသည့် အချိန်နည်းပါးခြင်းတို့ကြောင့် စည်းစနစ်ကျစွာကြပ်မတ်ပေးရန်လည်း လာရောက်လျောက် ထားသူများဘက်မှ တောင်းဆိုခဲ့ကြသည်။

"စိစစ်တာလည်း မဟုတ်ဘူးဗျာ။ ဖောင်တစ်စောင် တစ်သောင်းနဲ့ ရောင်းတယ်ပဲထား။ ဖောင်တစ်စောင် ယူသွား အဲ့လိုတကယ် စိစစ်မလား၊ မှတ်ပုံတင်နဲ့ လူနဲ့တိုက်စစ်၊ ရမှရောင်း၊ ဒါဆိုအဆင်ပြေတယ်။ အခုက ဒီလိုလည်းမဟုတ်ဘူး။ မောင်ဖြူလာလာ မောင်မဲမှတ်ပုံတင် ယူလာရင်ပေးတယ်။ အဲ့တာဆို ဘာအတွက်ကြာနေတာလဲ။ သပ်သပ်ဒုက္ခပေးနေတာလား။ ပြောတော့ ပြည်သူတွေအတွက်ဆိုပြီးတော့ ပြည်သူတွေကို ဒုက္ခပေးနေတယ်" ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သော ကိုလှမင်းအောင်က ပြောသည်။

အလားတူ လူနေထိုင်ရန် မြေကွက်ရရှိရေးအတွက် လာရောက်တန်းစီစောင့်ဆိုင်းနေကြသည့် ပြည်သူ အများစုမှာ အောက်တိုဘာ ၂ ရက်နေ့တွင် အစိုးရက ကြေငြာခဲ့သည့် ကြော်ငြာကိုတွေ့ရှိကာ လာရောက်စောင့်ဆိုင်းနေကြခြင်းြဖစ်သည်။
“ကျွန်တော်တို့က အိမ်လာလျောက်တာက အိမ်မှမရှိတာလေ။ ပထမအငှားနဲ့နေရတယ်လေဗျာ။ နောက်ပြီးတော့ ကျူးကျော်ဘေးမှာဆောက်နေတယ်။ အခု ဒီလိုအခွင့်အရေးပေးတဲ့အခါကျ ရလို ရငြားလို့လျောက်ကြည့်တာပါ။ အိုးပိုင်အိမ်ပိုင် လည်းရှိတာမဟုတ်ဘူးဗျာ။ အဲ့အတွက်ကို လျောက် တာပါ။ ဘာမှလည်းကျွန်တော်တို့မသိဘူး။ မြေကွက်ရရင်ဘယ်လိုပေးဆပ်ရမယ်ဆိုတာတွေရော အဲ့တာတွေရော ကျွန်တော်တို့မသိပါဘူး” ဟု မြောက်ဒဂုံမြို့နယ်တွင်နေထိုင်ေသာ ဦးသန်းဇော် ကဆိုသည်။

ယခုကဲ့သို့ အစိုးရမှ နေထိုင်ရန်အတွက် ဒဂုံလေးမြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များတွင် မြေကွက်များရောင်းချပေးမည့်သတင်းကြောင့် တောင်ဥက္ကလာပမြို့နယ်ရှိ လျောက်လွှာရောင်းချသည့် စုပေါင်းရုံးတွင် လူပေါင်းများစွာ လာရောက်တန်းစီစောင့် ဆိုင်းနေကြခြင်းလည်းဖြစ်သည်။

ယခုရောင်းချနေသည့်မြေများသည် အစိုးရက မြို့ပြစီမံကိန်းအဖြစ် သတ်မှတ်ထားသောမြေများ ဖြစ်ပြီး အစိုးရမှ စီမံပိုင်ခွင့်ရှိသည့်မြေအမျိုး အစားများဖြစ်ကြောင်းလည်း မြို့တော်စည်ပင်ဘက်မှ ပြောဆို ထားသည်။

တစ်ဦးတစ်ယောက်ချင်း အိမ်ဆောက် နေထိုင်မည့်သူများအတွက် ပေ ၄၀ - ၆၀ အကျယ် မြေကွက်များကို အစိုးရမှရောင်းချပေးနေခြင်းဖြစ်ပြီး လျှောက်လွှာများကို အောက်တိုဘာလ ၇ ရက်တွင် စတင်ရောင်းချခဲ့ပြီး နိုဝင်ဘာလ ၈ ရက်နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly