ဇေယျာရွှေမြေကို အနိုင်ရပါက ရန်ကုန်အသင်း လေးကြိမ်မြောက် ချန်ပီယံဖြစ်လာမည်

ဇေယျာရွှေမြေကို အနိုင်ရပါက ရန်ကုန်အသင်း လေးကြိမ်မြောက် ချန်ပီယံဖြစ်လာမည်
ရန်ကုန်အသင်းနှင့် ဇေယျာရွှေမြေတို့ ပထမအကျော့ ယှဉ်ပြိုင်ကစားစဉ်။ (ဓာတ်ပုံ - ရန်ကုန်ယူနိုက်တက်)
 

အောက်တိုဘာ ၁၆၊ ရန်ကုန်။        ။ ၂၀၁၅ ခုနှစ် အူရီဒူးမြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၂၀ ပွဲစဉ်တစ်ပွဲဖြစ်သော ဇေယျာရွှေမြေအသင်း နှင့် ရန်ကုန်အသင်းတို့ပွဲတွင် ဧည့်သည်ရန်ကုန်အသင်း အနိုင်ရခဲ့ပါက ချန်ပီယံဆုရရှိမည်ဖြစ်သလို မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲသမိုင်းတစ်လျှောက် လေးကြိမ်မြောက် ချန်ပီယံအသင်းဖြစ်လာမည်ဖြစ်သည်။

နေရှင်နယ်လိဂ် ပွဲစဉ် ၂၀ ပွဲစဉ်များကို အောက်တိုဘာ ၁၇၊ ၁၈ ရက်များ တွင် ရန်ကုန်၊ မန္တလေး၊ မုံရွာတို့တွင် ကစားမည် ဖြစ်ပြီး ဇေယျာရွှေမြေအသင်းနှင့် ရန်ကုန်အသင်းတို့ပွဲစဉ်မှာ အောက်တိုဘာ ၁၇ ရက်၊ မုံရွာဘောလုံးကွင်းတွင် ကစားမည် ဖြစ်သည်။

ပွဲစဉ် ၁၉ ကစားအပြီးတွင် အဆင့် ၁ နေရာမှ ရန်ကုန်အသင်းက အဆင့် ၂ နေရာမှ ရတနာပုံအသင်းနှင့် ရမှတ် ၁၀ မှတ်ကွဟနေပြီး ဇေယျာရွှေမြေအသင်းနှင့်ပွဲတွင် ထပ်မံအနိုင်ရပါက ရမှတ် ၁၃ မှတ်ထိ ကွာဟသွားမည်ဖြစ်ကာ ပွဲစဉ် မကုန်ခင်၌ပင် ချန်ပီယံဆုဖလား ရယူနိုင်မည်ဖြစ်သည်။

' ဇေယျာရွှေမြေအိမ်ကွင်းဖြစ်တဲ့အတွက် အနည်းငယ် အားကောင်း နိုင်ပါတယ်။ သတိကြီးကြီးနဲ့ ကစားဖို့ လိုပါတယ်။ အရေးအကြီး ဆုံးက အမှတ်မဆုံးရှုံးပဲ လိုအပ်နေတဲ့ ရမှတ်ကို အရ ယူနိုင်အောင်ကြိုး  စားသွား မှာပါ' ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်းက ပြောသည်။

ရန်ကုန်အသင်းနှင့် ဇေယျာရွှေမြေအသင်းတို့ ပထမအကျော့ တွေ့ဆုံမှုတွင် ရန်ကုန်အသင်းက ၅-၂ ဂိုးဖြင့် အနိုင်ရရှိသည်။ လက်ရှိအချိန်တွင် ရန်ကုန်အသင်းက ချန်ပီယံဖြစ်ရန် ရမှတ်လိုအပ်နေ သလို ဇေယျာရွှေမြေအသင်းမှာလည်း တန်းဆင်းဇုန် အန္တရာယ်ရှိနေသည့် အတွက် အိမ်ကွင်းတွင် အမှတ်ရရှိရန် လိုအပ်နေသည်။

ရန်ကုန်အသင်းသည် ၁၉ ပွဲကစားပြီးချိန်တွင် ၁၆ ပွဲ နိုင်၊ တစ်ပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် ၄၉ မှတ်ဖြင့် အဆင့် ၁ တွင် ရပ်တည်နေသည်။ ဇေယျာရွှေမြေအသင်းသည် ၁၈ ပွဲကစားပြီးချိန်တွင်
ငါးပွဲနိုင်၊ လေးပွဲ သရေ၊ ကိုးပွဲ ရှုံး ရမှတ် ၁၉ မှတ်ဖြင့် အဆင့် ၈ နေရာတွင် ရပ်တည်နေပြီး တန်းဆင်းဇုန် အန္တရာယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly