ကစားသမားဘဝက အနားယူသွားတဲ့ ရှဝိန်းစတိုင်ဂါ ဂျာမနီနည်းပြအဖွဲ့ဝင်ထဲ ပူးပေါင်းနိုင်

ကစားသမားဘဝက အနားယူသွားတဲ့ ရှဝိန်းစတိုင်ဂါ ဂျာမနီနည်းပြအဖွဲ့ဝင်ထဲ ပူးပေါင်းနိုင်
Photos: EPA

ရှဝိန်းစတိုင်ဂါဟာ  ကစားသမားဘဝက အနားယူခဲ့ပြီဖြစ်တယ်လို့ အင်္ဂါနေ့က ကြေညာခဲ့ပြီးနောက် ဝါရင့်ကွင်းလယ်ကစားသမားဟာ လက်ရွေးစင်အသင်းနည်းပြ ဂျိုအာချင်လိုရဲ့ ဂျာမနီနည်းပြအဖွဲ့ဝင်ထဲ ပူးပေါင်းဖို့ ကြိုဆိုခံရတယ်လို့ သိရပါတယ်။

"ဒီအချိန်ကို ရောက်လာပါပြီ။ ကျနော့်ရဲ့ တက်ကြွလန်းဆန်းခဲ့ရတဲ့ ဘောလုံးသမားဘဝဟာ ဒီရာသီအကုန်မှာ ပြီးဆုံးရပါလိမ့်မယ်။"လို့ ရှဝိန်းစတိုင်ဂါက တွစ်တာမှာ ရေးတင်ခဲ့ပါတယ်။

"အခုလို နှုတ်ဆက်စကား ပြောနေရင်းနဲ့  လန်းဆန်းတက်ကြွခဲ့ရတဲ့ ဘောလုံးသမားတစ်ယောက်ရဲ့ အတိတ်ဖြစ်စဉ်တွေကို ကျနော့်မှာ တသသ လွမ်းဆွတ်ခံစားစေပါတယ်။ ဒါပေမယ့်လည်း ကျနော့်ကို စောင့်နေတဲ့ စိတ်လှုပ်ရှားစရာ စိန်ခေါ်မှုတွေကိုလည်း မျှော်လင့်နေပါတယ်။"

မေဂျာလိဂ် play-offs ဝင်ခွင့်မရခဲ့တဲ့ ချီကာကိုဖားယားအသင်းမှာ ကစားနေတဲ့ အသက် ၃၅ နှစ်အရွယ် ဂျာမနီလက်ရွေးစင်၊ မန်ချက်စတာယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ကစားသမားဟောင်းကတော့ ပြီးခဲ့တဲ့ မေဂျာလိဂ်ပြီးဆုံးပြီး (၂)ရက်အကြာမှာပဲ ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။

ရှဝိန်းစတိုင်ဂါက လူမှုကွန်ရက်ပေါ်မှာ ရေးတင်ခဲ့တဲ့ အင်္ဂါနေ့ရဲ့ ကြေညာချက်ထွက်ပေါ်ပြီး မကြာခင်လေးမှာပဲ ဂျိုအာချင်လိုက ကွင်းလယ်ကစားသမားအနေနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်ထဲ ပူးပေါင်းနိုင်တယ်လို့ ပြောပါတယ်။ 

"ကျနော်တို့မှာ သူ့အတွက် နေရာတစ်ခု အမြဲထားရှိပါလိမ့်မယ်။"လို့ ဂျိုအာချင်လိုက ဗုဒ္ဓဟူးနေ့မှာ အာဂျင်တီးနားနဲ့ ခြေစမ်းပွဲအတွက် ပြင်ဆင်နေတဲ့ ဂျာမနီအသင်းရှိရာ ဒေါ့မွန်မှာ ပြောပါတယ်။

"သူ့ရဲ့ စီမံကိန်းတွေက ဘာလဲဆိုတာတော့ ကျနော် မသိပါဘူး။ လက်ရွေးစင်အသင်းမှာ ကစားခဲ့တဲ့ ဘယ်ကစားသမားမဆို၊ပြီးတော့ နည်းပြတစ်ယောက်ဖြစ်လာဖို့ ရည်မှန်းထားသူကို ဒါကဘယ်လို ခံစားမှုရသမျိုးလဲဆိုတာ သိရှိဖို့ ဒီနေရာကနေ အမြဲ ကြိုဆိုပါတယ်။" လို့ သူက ဆက်ပြောပါတယ်။

ရှဝိန်းစတိုင်ဂါရဲ့ လက်ရွေးစင်အသင်းဖော်ဟောင်း ကလိုဆေးဟာလည်း ပြီးခဲ့တဲ့ ကမ္ဘာ့ဖလာပြိုင်ပွဲအထိ ဂျိုအာချင်လိုရဲ့ နည်းပြအဖွဲ့ဝင်ထဲ ရှေ့တန်းတိုက်စစ်နည်းပြတစ်ယောက်အဖြစ် ခဏတာ ပါဝင်ခဲ့ပါတယ်။

စတိုင်ဂါကတော့ ၂၀၁၄ ခုနှစ်မှာ ဂျာမနီနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သလို ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒက်လီဂါချန်ပီယံ (၈)ကြိမ်အထိ ရခဲ့သူပါ။

သူဟာ လက်ရွေးစင်အသင်းနဲ့ (၁၂၁)ပွဲကစားခဲ့ပြီးနောက်မှာ ၂၀၁၆ ခုနှစ်က လက်ရွေးစင်ကစားသမားဘဝက အနားယူခဲ့ပါတယ်။

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly